ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့နယ်၊ မြေရဲတောင်အုပ်စု၊ မြေရဲတောင်ကျေးရွာတွင် တောင်သူဦးတင်ရှိန်၏ လယ်မြေတွင်စိုက်ပျိုးထားရှိသော ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ကွင်းအား ကြည့်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီးဖြစ်သည့်နှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် မှန်ကန်သော စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ လက်မှုလယ်ယာစနစ်မှ အဆင့်မြင့်စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကာ တောင်သူများ လူမှုစီးပွှားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် စံပြစိုက်ခင်းများ အကောင်အထည်ဖော်ဆောင်ရွက်၍ ပြည်သူများ စိုက်ပျိုးရေးနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကာ သီးနှံအထွက်တိုး၍ ဝင်ငွေများတိုးပွားလာစေရန် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့၊ (၁၃၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ လိုက်ပါလျက် ကျုံပျော်မြို့နယ်၊ မြေရဲတောင်အုပ်စု၊ မြေရဲတောင်ကျေးရွာတွင် တောင်သူဦးတင်ရှိန်၏ လယ်မြေတွင်စိုက်ပျိုးထားရှိသော ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ကွင်းအား ကြည့်ရှု့အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ပါသည်။

တောင်သူများနှင့် တွေ့ဆုံရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာကဏ္ဍကို အခြေခံသော တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ လယ်ယာကဏ္ဍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊မိမိဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ချိန်မှစပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အရည်အသွေးကောင်း သီးနှံများ ထုတ်လုပ်မှသာလျှင် ဈေးကွက်ရရှိနိုင်မည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် PH နိမ့်သောလယ်များတွင် ထုံးထည့်ခြင်း၊ သစ်စိမ်းမြေသြဇာအတွက် ပိုက်ဆံလျှော်နှင့် မတ်ပဲများကို အသုံးပြုခြင်း၊ တိုင်းအတွင်း အမှိုက်အဖြစ်စုပုံထားရှိသော စပါးခွံ များအား ဘိုကာရှီမြေဆွေးပြုလုပ်၍ ပြန်လည်အသုံးချခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈−၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ စံပြကွက်(၉၉၃)ဧက ဆောင်ရွက်ပြသခဲ့ပြီး စံကွက်ရိတ်သိမ်းချိန်တွင် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၃.၆၃)တင်းမှ (၈.၂၇)တင်းအထိ ပိုမိုထွက်ရှိခဲ့ကြောင်း၊ အပင်ဖြစ်ထွန်းချိန်တွင် စပါးပင်များ၏ အရောင်နှင့်အနေအထားကောင်းမွန်ပြီး ဓါတ်မြေသြဇာသုံးစွဲမှုကိုလည်း လျော့ချနိုင်ခဲ့သဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း သက်သာစေနိုင်ကြောင်း၊ ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ အသုံးပြုသည့် စံပြကွက်များကို ၂၀၁၉ − ၂၀၂၀ ခုနှစ်တွင် (၁၄၄၆)ဧက တိုးချဲ့ဆောင်ရွက်ပြသနိုင်ခဲ့ပြီး သဘာဝသစ်စိမ်းမြေသြဇာ၏ အကျိုးအာနိသင်ကောင်းမွန်မှုကို တောင်သူများ မျက်မြင်တွေ့ရှိလာသည့်အတွက်လာမည့် မိုးစပါးရာသီတွင် ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် စိုက်ခင်းများမှ ပိုက်ဆံလျှော်မျိုးစေ့ထုတ်လုပ်ရုံသာမက တောင်သူကိုယ်ပိုင်လယ်မြေများတွင်လည်း မျိုးစေ့ထုတ်လုပ်မည့် အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့တောင်သူများ ကိုယ်တိုင်မျိုးစေ့ထုတ် လုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပိုက်ဆံလျှော်မျိုးစေ့ (၇၃.၇၅)တင်း ဖြန့်ဝေခဲ့ပြီး (၃၉၀.၅၀)ဧကလျာထားစိုက်ပျိုးခဲ့ကြောင်း၊ ၎င်းဧကများမှ ပိုက်ဆံလျှော်မျိုးစေ့တင်း (၂၃၀၀)ကျော် ထွက်ရှိလာနိုင်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီတွင် ဧက(၁၀၀၀၀)နီးပါး အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် မျိုးကောင်းမျိုးသန့်ပွှားများ ထုတ်လုပ်ရေးလုပ်ငန်းတွင် ကန်ထရိုက်လယ်ယာစနစ်ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်ရန်အတွက် တောင်သူများကိုယ်တိုင် မျိုးစေ့ပွားများ ထုတ်လုပ်၍ ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးခြင်း လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်သင့်ကြောင်း အကျယ်တဝင့်မှာကြားခဲ့ပါသည်။

Photo by : Wai Zin

12-Jan-2020