ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လပွတ္တာမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ် လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန်နှင့် ကလေးတွေရဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ်များကို စာပေရဲ့အရေးပါပုံကို မြင်စေချင်/သိစေချင်တဲ့အတွက် ငယ်ရွယ်သောကလေးသူငယ်များ အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ဘက်စုံ/ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့မိမြိုဖများပူးပေါင်း စီစဉ်သော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လပွတ္တာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းသား/ကျောင်းသူများခြံရံ၍ လပွတ္တာမြို့နယ်၏ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အားအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်း ဆက် လက်ကျင်းပရာ လပွတ္တာမြို့၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song သီချင်းအား သီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် လပွတ္တာမြို့နယ်၏ ကလေးစာပေပွဲတော်မှာ ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန်၊ ကျောင်းနေအရွယ်ကလေးငယ်များ ကလေးစာပေပွဲတော်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့ ဧရာဝတီတိုင်းအနေဖြင့် နိုင်ငံတော်အဆင့်ကလေး စာပေပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့မှ (၅)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာကို အားလုံးအသိပဲဖြစ်ပါကြောင်း၊ အလားတူ ခရိုင်အဆင့်အနေနဲ့ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်တို့မှာလည်း ကလေးစာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကလေးစာပေပွဲတော်များ ကျင်းပပေးတဲ့အတွက် ကလေးများရဲ့အနာဂတ်ကို ထုဆစ်ပုံဖော်မှုနဲ့ ကလေးများရဲ့ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့ တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ အရုပ်ကလေးတစ်ရုပ်ကို ထုဆစ်ဖို့အတွက် အသားကောင်းကောင်းရှာရမှာဖြစ်သကဲ့သို့ အနာဂတ်အတွက် အရည်အသွေးမြင့်မားတဲ့ စာပေမှာ မွေ့လျော်လာစေရန်နှင့် ကလေးများအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပါကြောင်း၊ ကလေးစာပေဆိုသည်မှာ ကလေးများကို စာအုပ်စာပေတို့နှင့် ရင်းနှီးကျွမ်းဝင်သွားအောင် ဆွဲဆောင်ပေးသည့် စာပေများဖြစ်ပြီး ဆိုဆုံးမခြင်း ၊ ပညာပေးခြင်းတို့ထက် ကလေးဘဝကပင် စာကိုချစ်တတ်၊ တွယ်တာတတ်သူများဖြစ်လာအောင် စွမ်းဆောင် ပေးရသည့် ကလေးကြိုက်စာပေများဖြစ်ပါကြောင်း၊ စာအုပ်ကိုချစ်သော ကလေးတို့သည် စာဖတ်သည့် အလေ့အကျင့်ရှိသူများ ဖြစ်လာပြီး နိုင်ငံတော်ကို တည်ဆောက်ကြမည်သာဖြစ်ပါကြောင်း၊ သာဓကအားဖြင့် ဒုတိယကမ္ဘာစစ်အပြီးတွင် မွေးဖွားလာသော ဂျပန်နိုင်ငံ၏ မျိုးဆက်သစ်များမှစ၍ စာဖတ်ခြင်းအလေ့အထကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်မှုကြောင့် ဂျပန်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခု ဖြစ်လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါကြောင်း၊ ကလေးစာပေများက လူမျိုးသစ်တစ်ခုကို မွေးဖွားပေးလိုက်ခြင်းဟုပင် ခေါ်ဆိုနိုင်ပါကြောင်း၊ ဒါကြောင့်ကျွန်တော်တို့ တာဝန်ရှိသူများအနေဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ်မှာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ နိုင်ငံတော်ရဲ့ အနာဂတ်လှပ သာယာဖွံ့ဖြိုးတိုးတက်စေဖို့ ကလေးစာပေပွဲတော်များကို ကျင်းပပေးခဲ့တာဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော် အနာဂတ်အတွက် ရေရှည်ဆက်လက်ဆောင်ရွက်ကြရန် အစပျိုးပေးလိုက်ခြင်းလည်း ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၅)ခုအနက် ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ မြို့နယ်အဆင့် ကလေးစာပေပွဲတော်များကို ကျင်းပခြင်းဟာ ပထမဦးဆုံး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ (၂၆)မြို့နယ်အတွက် တစ်မြို့နယ် ကို ကျပ်သိန်း(၃၀)စီ ပံ့ပိုးပေးခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာနကလည်း မြို့နယ်တိုင်းကို ကလေးများအတွက် ကလေးစာပေစာအုပ် (၇၀၀)စီနှင့် MRTV ၊ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာ၊ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်ဖြစ်တဲ့ MOIနှင့် Myanmar Digital News တို့တွင် ကြော်ငြာများ ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိသလို လပွတ္တာမြို့ နယ်အနေနဲ့လည်း မိမိတို့မြို့မှာ ကျင်းပတဲ့ပွဲတော်ကို စည်စည်ကားကားဖြစ်အောင် အဖက်ဖက်က ပြည့်ပြည့်စုံစုံ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ (၂၆)မြို့နယ် ကလေးစာပေပွဲတော်များကို (၁.၁၁.၂၀၁၉)ရက်နေ့တွင် ချောင်းသာမြို့၌ စတင်ကျင်းပခဲ့ခြင်း၊ ဇလွန် ၊ အိမ်မဲ ၊ဓနုဖြူ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ သာပေါင်း၊ လေးမျက်နှာ၊ မြောင်းမြ၊ ပန်းတနော်၊ ဒေးဒရဲ၊ ဝါးခယ်မ၊ ကျောင်းကုန်း၊ အင်္ဂပူမြို့နယ်တို့တွင် ကျင်းပခဲ့ကာ ကြိတ်ကြိတ်တိုးစည်းကားခဲ့ကြပြီး နောင်နှစ်များမှာလည်း ဒီလိုကလေးစာပေပွဲတော်များ ကျင်းပပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုကြကြောင်းသိရတဲ့အတွက် မတည်ဦးဆောင်ကျင်းပပေးတဲ့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ အထူးပြောကြားလိုတာကတော့ ဒီကလေးစာပေပွဲတော်များဟာ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာမှ ဖော်ထုတ်အကောင်အထည်ဖော်တာဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ အကောင်အထည်ဖော်ပေးတဲ့ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ ၊ မိမိရပ်ရွာဒေသကို အကျိုးပြုကြသော ငွေအား၊ လူအားနဲ့ ကူညီဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အထူးတလည် မှာကြားလိုတာကတော့ ဒီကလေးစာပေပွဲတော်များ ကျင်းပပြီးစီးတာနဲ့ ပွဲပြီးမီးသေ သဘောမထားကြဘဲ ပြည်သူများက မိမိတို့နဲ့လက်လှမ်းမီရာကစပြီး ကလေးများဘဝ စာပေဖတ်ရှုမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းတွေကို ဆက်လက်ထိန်းကျောင်းပေးကြစေလိုပါကြောင်း တိုက်တွန်းမှာကြား၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အထက(၃)မိုင်မှ ကျောင်းသား/ကျောင်းသူလေးများက စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် အကဖြင့်လည်းကောင်း၊ ဦးစိုးနိုင်ဦးစီးသော ကျောင်းသား/ကျောင်းသူလေးများက ကရာတေးသရုပ်ပြဖြင့်လည်းကောင်း၊ အထက(၂) ကျောင်းသား/ကျောင်းသူလေးများက ပုဂံ အကအလှဖြင့်လည်းကောင်း၊ ဒေါ်သင်းသင်းနိုင် ဦးစီးသော ကျောင်းသူလေးများက အေရိုးဗစ်အကဖြင့်လည်းကောင်း၊ အမက(၆) ကျောင်းသား/ကျောင်းသူလေးများမှ ထာဝရမြန်မာသီးချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ကလေးစာပေပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်ခဲ့သည့် အလှူရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကာ ဒေသခံပြည်သူများကိုယ်စား ဦးမောင်ကျင်မှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ ဧည့်သည်တော်များက ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့အား လှည့်လည်ကြည့်ရှု့ခဲ့ပြီး ပြိုင်ပွဲဝင်ကလေးများ အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ယနေ့ လပွတ္တာမြို့နယ်တွင် ဖွင့်လှစ်သော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့မှ (၈)ရက်နေ့၊ နံနက် (၉)နာရီမှ (၅)နာရီအထိ ဖွင့်လှစ်ပြသသွားမှာဖြစ်ပြီး ပွဲတော်တွင် မည်သူမဆို ပါဝင်ဆင်နွဲနိုင်ပါကြောင်း သိရပါသည်။

Photo by : Wai Zin

08-Jan-2020