ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကရင်စာပေယဉ်ကျေးမှုကော်မတီတို့ပူးပေါင်းကျင်းပပြုလုပ်သော (၂၇၅၉) နှစ်မြောက်အား ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ ၊ နံနက် (၈)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊တိုင်းဒေသကြီးတရားသူကြီးချုပ် ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ကရင်အမျိုးသားပွဲတော် သဘာပတိအဖွဲ့ဝင်များ၊ လွှတ်တော်အရပ်ရပ်မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီများမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဒေသခံကရင်တိုင်းရင်းသားများနှင့် မိဘပြည်သူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် တိုင်းဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖာသာအိုင်ခလိမ်တို့မှ မင်္ဂလာဖားစည်အား(၉)ချက်စီတီးခတ်ကြ၍ အခမ်းအနားအားဖွင့်လှစ်ပေးခဲ့ပြီး သဘာပတိအဖွဲ့ ဖာသာဂျွန်စိန်းစီမှ အဖွင့်အမှာစကားပြောကြားခဲ့ကာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်အတွက်ပေးပို့သောသဝဏ်လွှာကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီမှဖတ်ကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နိုင်သက်လွင်ထံမှပေးပို့သောနှစ်သစ်ကူး သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူကဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စခင်ဇော်လင်းတို့က နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသော ကရင်ယဉ်ကျေးမှုသမိုင်းပြခန်းများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြပါ‌သည်။

အဆိုပါပွဲတော်ကို ဒီဇင်ဘာလ (၂၄)ရက်နေ့၊ ညနေပိုင်းကစတင်၍ ဖွင့်လှစ်ခဲ့ပြီး ကရင်ယဉ်ကျေးမှုသမိုင်းပြခန်း ပျော်ပွဲရွှင်ပွဲများနှင့်ဈေးဆိုင်များ ဖွင့်လှစ်ထားရှိပေးထားသဖြင့် တိုင်းရင်းသားများ၊ ဒေသခံပြည်သူလူထုများဖြင့်စည်ကားလျှက်ရှိပါသည်။

Photo by : Wai Zin

30-Dec-2019