ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၁၉ ခုနှစ်၊ (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ ရှေးဦးစွာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးမြင့်အေးမှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ယနေ့ကျရောက်သည့် (၇၁)ကြိမ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့၏ ဆောင်ပုဒ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက “လူသားအားလုံးအခွင့်အရေး လူငယ်များကရပ်တည်ပေး” “Youth Standing up for Human Right” ဆိုသည့် ဆောင်ပုဒ်ကို သတ်မှတ်ပေးပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အဖြစ် တာဝန်ယူသည့်အခါ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြောင့် ပြည်သူတစ်ရပ်လုံး အမှောင်ချခံခဲ့ရသည့် ကာလများ ကြာရှည်ခဲ့သည့်အတွက် လူ့အခွင့်အရေး၏ အခြေခံသဘောတရားများ၊ အနှစ်သာရများသည် မိမိတို့နိုင်ငံတွင် လျော့ပါးလာခဲ့ကြောင်း၊ ယနေ့ခေတ်တွင် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး လှုပ်ရှားမှုများ ပြန်လည်နိုးထလာပြီး အရှိန်အဟုန်နှင့် တိုးတက်ရန် ဆောင်ရွက်သည့်နေရာတွင်လည်း လူငယ်ထု၏ ပါဝင်မှုသည် အရေးကြီးပါကြောင်း၊ လူ့အခွင့်အရေးဟု သတ်မှတ်ခေါ်ဆိုကြသော်လည်း အခြေခံအကျဆုံးသည် ကိုယ်ချင်းစာစိတ်ရှိခြင်းသည်သာ အဓိက ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဗြဟ္မစိုရ်တရား ထွန်းကားပြီးမူလကပင် ကိုယ်ချင်းစာစိတ်၊ စေတနာထက်သန်စိတ်၊ စာနာစိတ်များ ကိန်းအောင်းသော တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသဖြစ်၍ လူ့အခွင့်အရေးပါအချက်များနှင့် နှိုင်းယှဉ်ပါက ထူးပြီးဆောင်ရွက်ရမည့် အခြေအနေမျိုးမဟုတ်ကြောင်း၊ နိုင်ငံသားတိုင်း လူ့အခွင့်အရေးကို လေးစားလိုက်နာကာ ဗြဟ္မစိုရ်တရားများ လက်ကိုင်ထားမည်ဆိုပါက မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်းလာနိုင်ပြီး တိုင်းရင်းသားတွေအကြား ပိုမိုသွေးစည်းညီညွတ်လာကာ အမျိုးသားရင်ကြားစေ့ရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို ရှေးရှုလာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေးကို ရှေးရှုလာပါက နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့်လည်း လူ့အခွင့်အရေးနှင့် ညီညွတ်မှုမရှိသည့် ဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် ဖျက်သိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ကိစ္စအရပ်ရပ်တိုင်းသည် အစိုးရတစ်ရပ်တည်း ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများအနေနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူငယ်လူထုအနေဖြင့် လူ့အခွင့်အရေးများကို ဆောင်ရွက်သည့်နေရာတွင် ပိုမိုပြီး ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းကြောင်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားသည်။ ထို့နောက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်လေးမှ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးပြီး STUM သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ)မှ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးမှ လူ့အခွင့်အရေးနေ့ အမှတ်တရစကားများ ပြောကြားကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုက္ကဋ္ဌ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

Photo By : Wai Zin

10-Dec-2019