ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့၊ နံနက် (၀၉၀၀)အချိန်က ကျင်းပရာ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား တိုင်းဒေသကြီးစီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဦးဌေးဝင်းမှ ဖတ်ကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က နိုင်ငံတော်ကို သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ် ေါက်လာစေရေးအတွက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးကို ကြိုးပမ်းဆောင်ရွက်ပြီး အဂတိလိုက်စားမှုလျော့ပါးရေးမှသည် လုံးဝပပျောက်ရေးအထိ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကို ထိရောက်စွာ တားဆီးကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ်မှစ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်း၊ ပြင်ဆင်ခဲ့ပြီး လက်တွေ့အကောင်အထည် ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်မှ စတင်ကာ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် (၁၅)ဦးဖြင့် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်ကို သိမြင်ကြရမှာဖြစ်ကြောင်း၊ အစိုးရသစ်လက်ထက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၇၊ အပိုဒ် (က)ကို ကျင့်သုံးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥက္ကဋ္ဌအပါအဝင် (၁၂)ဦးဖြင့် ၂၀၁၇ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် အဂတိလိုက်စားမှု ကာကွယ်ရေးအတွက် ပထမအဆင့် ဝန်ကြီးဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာပေးအစီအစဉ်များကို မူတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ကာ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအကြား အသိအမြင်များ မြှင့်တင်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိစေရေး ဘက်စုံမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂ၏ ဦးတည်ချက်ဖြစ်သည့် Together We are United Against Corruption (အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်းညီညွတ်ကြပါစို့)ဟူသော ဦးတည်ချက်နှင့်အညီ အားလုံးစုပေါင်းညီညွတ်စွာဖြင့် အဂတိလိုက်စားမှု သိသာထင်ရှားစွာ ကျဆင်းပပျောက်ပြီး ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုဆိုင်ရာညွှန်းကိန်းများ သိသာထင်ရှားစွာ တိုးတက်လာစေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ပြပါရန် တိုက်တွန်းကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံသဘောတရားနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက်တက်ရောက်လာသူများမှ UNDP က ရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ပြသခြင်းနှင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း ကျောင်းသားကျောင်းသူလေးများ၏ တေးသရုပ်ဖော်များအား ကြည့်ရှုအားပေးကြပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ပါသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

09-Dec-2019