ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇/၂၀၁၉) ကြိမ်မြောက်  ARIC အစည်းအဝေးတက်ရောက်

(၇/၂၀၁၉) ကြိမ်မြောက်  ARIC အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့၊ ညနေ (၁၄၃၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ (၁၁)လအတွင်း (၇)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ်အနည်းဆုံး ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးဖို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆက်လက်ဖိတ်ခေါ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကော်မတီမှ အတည်ပြုမိန့်ပေးထားသည့် လုပ်ငန်းများအား ရင်းနှီးမြှုပ်နှှံသူများ လိုက်နာရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဒေသခံများနှင့် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိတို့ကိုလည်း ကြီးကြပ်ကွင်းဆင်းပံ့ပိုးဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု (၂)ခုတို့ကို ဥပဒေနှင့်အညီ အတည်ပြုမိန့် ထုတ်ပေးနိုင်ရေး ကော်မတီဝင်များ အနေဖြင့် ဆွေးနွေးပေးကြရန်၊ တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြမည့် လုပ်ငန်းရှင်များအနေနှင့်လည်း လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများနှင့် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးကူညီရန် လိုအပ်သည့် ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြနိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကို ရွေးချယ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသည့်အတွက် ကြိုဆိုပါကြောင်း အမှာစကား ပြောကြားပါသည်။

 

အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

29-Nov-2019