ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးပွဲနှင့် ADPCL ကုမ္ပဏီနှင့် UREC ကုမ္ပဏီတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်

တိုင်းဒေသကြီးအစိုးရအဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးပွဲနှင့် ADPCL ကုမ္ပဏီနှင့် UREC ကုမ္ပဏီတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လွယ်ကူချောမောစွာ ဆောင်ရွက်ပေးလျက်ရှိပြီး တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသူများစွာရှိကြောင်း၊ ပြည်ထောင်စုအဆင့် MIC နှင့် တိုင်းအဆင့် ARIC တွင် တရုတ်နိုင်ငံဘက်မှ လာရောက်ရင်းနှီးမြှုပ်နှံမှု (၈)ခုရှိပြီး လုပ်ငန်းအားဖြင့် CMP အထည်ချုပ်လုပ်ငန်းများ ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံဘက်မှ လာရောက်ရင်းနှီးမြှုပ်နှံမှု (၁)ခုကိုလည်း အတည်ပြုမိန့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအနေနှင့် Investment Fair ရင်းနှီးမြှုပ်နှံမှုများကို လက်ကမ်းကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာ ဆောင်ရွက်နေကြောင်း၊ ကော်မတီ စတင်ဖွဲ့စည်းချိန်မှစပြီး ယနေ့အထိ လုပ်ငန်းပေါင်း (၃၇)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ရာ လွယ်ကူချောမွေ့စွာဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုများကို အားပေး၍ ကြိုဆိုဖိတ်ခေါ်ပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

ဆက်လက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမှ နှုတ်ခွန်းဆက်စကား ပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အကြောင်းကို ရှင်းလင်းတင်ပြ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမှ အကြံပြုဆွေးနွေးပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွင်းရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအတွက် ADPCL ကုမ္ပဏီနှင့် UREC ကုမ္ပဏီတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွင်း အကောင်အထည်ဖော်မည့် ပထမဦးဆုံးအထည်ချုပ်စက်ရုံဖြစ်သည့် TEX PLUS GERMENT CO.,Ltd သို့ MIC Permit ပေးအပ်ခဲ့သည်။

Photo By : Wai Zin

29-Nov-2019