ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမေရိကန်ကြက်ခြေနီအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့၏ တိုင်းဒေသကြီး ကြက်ခြေနီအရေးပေါ်ကွပ်ကဲမှု စင်တာနှင့် သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမေရိကန်ကြက်ခြေနီအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့၏ တိုင်းဒေသကြီး ကြက်ခြေနီအရေးပေါ်ကွပ်ကဲမှု စင်တာနှင့် သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ် တုံ့ပြန်ရေး အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ပတ္တမြားခန်းမ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူမှုဂရုဏာလုပ်ငန်းနယ်ပယ်များတွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်ပေးသည့် အသင်းကြီးဖြစ်ပြီး လူမှုဂရုဏာလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ကြက်ခြေနီအရေးပေါ် ကွပ်ကဲမှုစင်တာ (EOC)ဖွင့်လှစ်နိုင်ပြီး လူသားအရင်းအမြစ်လုပ်ငန်းတာဝန်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြကာ အဖက်ဖက်က တက်တက်ကြွကြွ ပံ့ပိုးပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာ တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများကို လျော့ချကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အစီအစဉ် (Hazard Specific Contingecy Plan Format)တစ်ခုသဘောတူရေးဆွဲရန် ထည့်သွင်းမည့် အကြောင်းအရာများဖြစ်သည့် ဒေသအတွင်း ဖြစ်လေ့ဖြစ်ထရှိသည့် ထိခိုက်နိုင်ခြေများကို ဘေးတစ်ခုကို သတ်မှတ်ဖော်ထုတ်ပြီး ထိုဘေးအန္တရာယ်တုံ့ပြန်ရေးတွင် ကြက်ခြေနီ၏ အခန်းကဏ္ဍ သတ်မှတ်ခြင်း၊ သဘာဝဘေးဖြစ်ပေါ်လာနိုင်ခြေ အလားအလာများအလိုက် တုံ့ပြန်ရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် ကြိုတင်စီစဉ်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက် စီးဆင်းမှုလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများကို ကြိုတင်ဖြေရှင်းနိုင်မည့် အစီအစဉ်များ ချမှတ်ခြင်းစသည့် လုပ်ငန်းများ ထည့်သွင်းဆွေးနွေးသွားမည်ဟု သိရသည့်အတွက် တိုင်းဒေသကြီးအတွင်း အန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်ပြီး ကောင်းမွန်သော လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် လိုအပ်သော ပံ့ပိုးကူညီမှုများကိုလည်း တတ်နိုင်သလောက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် စီမံချက်လုပ်ငန်းများနှင့်ပတ်သက်၍ အမေရိကန်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ အရေးပေါ် ကွပ်ကဲမှုစင်တာ ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တိုင်းဒေသကြီးကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Photo By : Wai Zin

27-Nov-2019