ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းခြင်း အခမ်းအနားတက်ရောက်

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေ (၂၀၁၆)ပြဋ္ဌာန်းချက်များနှင့်အညီ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နာတာရှည်ရောဂါမျိုးစုံ ဖြစ်ပွားပြီး သေဆုံးမှုကို ကာကွယ်ရန် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းနှင့် သဘောတူညီချက် စာချုပ်ကို ၂၀၀၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗန်းရှင်းပါ အချက်များကို တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေကြကြောင်း၊ ဥပဒေများလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် လိုက်နာအကောင်အထည်ဖော်ရာမှာ အားနည်းနေပါသေးကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုထိန်းချုပ်ရေးကော်မတီများကို တိုင်း/ခရိုင်/မြို့နယ်အဆင့်ဆင့်များကို အသီးသီးဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ပညာရေးဌာနနှင့်ကျန်းမာရေးဌာနများ ပူးပေါင်းပြီး အခြေခံပညာကျောင်းများအားလုံးအား ဆေးလိပ်ကင်းစင်ကျောင်းအပြင် ဆေးရွက်ကြီးကင်းစင်ကျောင်းနှင့် အားကစားမြှင့်တင်ကျောင်းများအဖြစ်ပါ အကောင်အထည်ဖော်ကြရန် လေးလေးနက်နက်ပြောကြားလိုကြောင်း၊ တိုင်းဒေသကြီး၏ ပုံရိပ်ကို ဖော်ဆောင်ရန် ချောင်းသာ (သို့မဟုတ်) ငွေဆောင်ကမ်းခြေ ခရီးသွားဒေသကို ဆေးလိပ်ငွေ့ကင်းစင် ကမ်းခြေအဖြစ် ဖော်ဆောင်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များမှ ပူးပေါင်းပေးကြရန်လိုကြောင်း၊ ယနေ့အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်း အမှန်တကယ် လုပ်ဆောင်မည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ကော်မတီဝင်များမှ အင်တိုက်အားတိုက် ဆွေးနွေးပြီး အတည်ပြုချက်ရယူမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ပြည်သူလူထုအား ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်ကင်းစင်စေရန်နှင့် ဆေးလိပ်ကင်းစင်သည့် တိုင်းဒေသကြီးဖြစ်ရန်အတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးအတွက် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ အမိန့်ကြော်ငြာစာများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ (၂၀၁၆)ပြဋ္ဌာန်းချက်များနှင့်အညီ ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြ်ငး အသိပေးရှင်းလင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြောင်းမြပြည်သူ့ဆေးရုံအုပ်ကြီးမှ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ထူထောင်ခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တက်ရောက်လာသော ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းကော်မတီများမှ သုံးသပ်တင်ပြကြပါသည်။

ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Photo By : Wai Zin

27-Nov-2019