ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုအဖွဲ့အစည်းများမှ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ယခုလိုတွေ့ဆုံပွဲကို ဆောင်ရွက်နိုင်ရန်အတွက် လွန်ခဲ့သော (၂)လလောက်ကတည်းက စတင်ပြင်ဆင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တိုင်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံသည့်ပွဲဖြစ်သည့်အတွက် လူမှုရေးအသင်းအဖွဲ့များမှလည်း သိရှိလိုသည်များ မေးမြန်းနိုင်ပါကြောင်း၊ ယခုလိုတွေ့ဆုံသည့်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအကြား နားလည်မှုပိုမိုရရှိပြီး ဆက်ဆံရေးကောင်းမွန်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဌာဆိုင်ရာများအနေဖြင့်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပေဒများအပေါ် အခြေခံ၍ လုပ်ငန်းများကို ဆောင်ရွက်ပေးရသည့်အတွက် ပြည်သူများကလည်း ဌာနဆိုင်ရာများအပေါ် နားလည်မှုပေးရန် လိုအပ်ပါကြောင်း၊ ယခုလိုတွေ့ဆုံလိုက်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိနားလည်ကာ ကူညီပေးရမည့်အချက်များကို သိရှိသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များသည် အမှန်တကယ် အားကိုးအားထားရသော အဖွဲ့အစည်းများ ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်အလိုက် လူမှုရေးအဖွဲ့အစည်းများမှ သိရှိလိုသည်များ မေးမြန်းကြရာ ပြန်လည်ဖြေကြားပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ယခုလို တက်တက်ကြွကြွဆွေးနွေးမေးမြန်း ပြန်လည်ဖြေကြားပေးသည်ကို ကြည့်ပြီး အလွန်ပင် ကျေနပ်ပီတိဖြစ်ရကြောင်း၊ ပွင့်လင်းမြင်သာမှုရှိပြီး နားလည်မှု ရရှိသွားခြင်းသည် များစွာ အကျိုးရှိလှပါကြောင်း၊ အင်မတန်ကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိပြီး လူမှုရေးအသင်းအဖွဲ့များအနေဖြင့်လည်း အစိုးရအဖွဲ့၊ ဌာဆိုင်ရာများ၏ အခက်အခဲများကို သိရှိပြီး ကူညီဆော်ငရွက်မှု ရရှိသွားခြင်းသည် များစွာ အကျိုးရှိလှပါကြောင်း၊ အင်မတန်ကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိပြီး လူမှုရေးအသင်းအဖွဲ့များအနေဖြင့်လည်း အစိုးရအဖွဲ့၊ ဌာဆိုင်ရာများ၏ အခက်အခဲများကို သိရှိပြီး ကူညီဆောင်ရွက်ပေးကြပါ၊ အစိုးရအနေဖြင့် အားပေးကြိုဆိုလျက် ရှိပါကြောင်း၊ လူမှုရေးအဖွဲ့အစည်းများသည် အားတစ်ခုဖြစ်ပါကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။

Photo By : Wai Zin

25-Nov-2019