ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် e - government လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် Basic ICT Course ကွန်ပျူတာ (၁/၂၀၁၉)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးအတွင်း e - government လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် Basic ICT Course ကွန်ပျူတာ (၁/၂၀၁၉)ဖွင့်ပွဲ အခမ်းအနားကို ပုသိမ်ကွန်ပျူတာတက္ကသိုလ်၌ (၁၆.၁၀.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)အချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြည်သူလူထုကို ဝန်ဆောင်မှုပေးရာတွင် အချိန်တိုအတွင်း လုပ်ငန်းများ လျှင်မြန်စွာ လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအလိုက် မိမိတို့ဌာနဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်သူများ သိသင့်သိထိုက်သည်များကို Online System နှင့်လည်းကောင်း၊ Application များနှင့်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပြီး ပြည်သူများ အသုံးပြုလာနိုင်သည့် စနစ်တစ်ခုရောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စနစ်တခု ကူးပြောင်းရာတွင် ပြည်သူကို ဝန်ဆောင်မှုပေးမည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ အခန်းကဏ္ဍဟာ အရေးကြီးကြောင်း၊ e - government လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများတွင် CIO များ ခန့်ထားဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသားများ အကျိုးကျေးဇူးရရှိစေရန်၊ သင်တန်းချိန်အပြည့်အဝ တက်ရောက်စေရန်၊ သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သင်ကြားကြရန် မှာကြားလိုကြောင်း၊ အနာဂတ်ကာလတွင် ဌာနဆိုင်ရာလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်၊ ပြည်သူကို ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြီးပြည့်စုံပြီး ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်သည့် IT နည်းပညာ ဝန်ဆောင်မှုများ ပေးအပ်နိုင်စေရန် ရည်ရွယ်ပြီး ယခုသင်တန်းမှ သင်ခန်းစာများကို အခြေခံပြီး နောင်ဆက်လက်ဖွင့်လှစ်မည့် ကွန်ပျူတာအဆင့်မြင့်သင်တန်းများကို ကြိုးစားသင်ယူရင်း ဌာနဆိုင်ရာလုပ်ငန်းများ၊ ပြည်သူဝန်ဆောင်မှုများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အမှာစကား ပြောကြားပြီး ပုသိမ်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

Photo by : Wai Zin

19-Oct-2019