ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ရဲတပ်ဖွဲ့ဝင်များအနေနှင့် မည်သူ့ကိုမျှ ဥပဒေနှင့်မညီသော ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ လုံးဝမပြုလုပ်ကြရန် မှာကြားလိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဥပဒေအသိပညာပေးဟောပြောမှု၊ လမ်းကမ်းစာစောင်များ ဖြန့်ဝေမှုများကို အစွန်အဖျားဝေးလံဒေသများပါမကျန် ကျေးရွာတိုင်းသို့ အရောက်သွား၍ ပြည်သူများ ဥပဒေအသိပညာများ သိရှိပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ကွင်းဆင်းဆောင်ရွက်စေလိုကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးနှိမ်နှင်းရန်အတွက်  တပ်ဖွဲ့ဝင်တိုင်းနှင့်အတူ ဌာနဆိုင်ရာများ၊ ပြည်သူများပါ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းတားဆီး အရေးယူပေးရန် အထူးအလေးပေး မှာကြားလိုကြောင်း၊ ရဲတပ်ဖွဲ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် တရားလို/တရားခံ မည်သည့်ဘက်မှ မလိုက်ဘဲ မျှတစွာနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိတရား (၄)ပါး ကင်းရှင်းစွာနှင့် ဆောင်ရွက်ကြရန်၊ အကြမ်းဖက်သည့် လူစုလူဝေးများကို ဖြေရှင်းဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစံသတ်မှတ်ချက်များ (Standard Operating Procedures) (SOP) (၁၀)ချက်ကို လိုက်နာ​ဆောင်ရွက်ကြရန်၊ ထူးခြားဖြစ်စဉ်မူခင်းများနှင့် အများပြည်သူစိတ်ဝင်စားသည့် မူခင်းများ၊ အများပြည်သူသတိပေးသင့်သည့် မှုခင်းများအား ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဖြစ်ပေါ်နေသည့် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်​​နေသော အခြေအနေများကို လေ့လာသုံးသပ်၍ မိမိနယ်မြေဒေသမြေပြင်တွင် ဖြစ်ပေါ်နေသော လက်ရှိအခြေအနေများနှင့် မှန်ကန်စွာ ဆက်စပ်ပြီး တပ်ဖွဲ့၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်နှင့်ပြည်သူအပေါ် သစ္စာရှိစွာဖြင့် အစဉ်ကြိုးပမ်း ဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မှုခင်းများ ဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံ ဖော်ထုတ်ပေးခဲ့သော လူပုဂ္ဂိုလ်များနှင့်တပ်ဖွဲ့ဝင်များအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Videl Clip ပြသ​နေမှုအား ကြည်ရှုအားပေးခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
01-Oct-2019