ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၁၉)တက်ရောက်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၁၉)ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ (၁၈.၉.၂၀၁၉)ရက်နေ့၊ ညနေ (၁၄၃၀)နာရီ အချိန်တွင် ကျင်းပရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ် ဇနနဝါရီလမှ သြဂုတ်လအထိ ပြည်သူနှင့်ကျောင်းသားလူငယ်များကို (၇၀၃)ကြိမ် အသိပညာပေး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ (MANA)၊ NGO အဖွဲ့အစည်းများအနေဖြင့် အသိပညာပေးရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အထောက်အကူပြု ကော်မတီများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်နှင့် တစ်ဆင့်ပြီးတစ်ဆင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပပျောက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မူးယစ်တပ်ဖွဲ့မှူးမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၉)အား ဖတ်ကြားတင်ပြပြီး တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ချက်များအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်မည့် အစီအစဉ်များ၊ ပေါင်းစပ်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ယခုအချိန်တွင် မြန်မာနိုင်ငံသည်န နိုင်ငံတကာနှင့် ယှဉ်ပြိုင်နေချိန်ဖြစ်၍ မူးယစ်ဆေးဝါး ပါဝင်လာပါက နောက်ကျန်ခဲ့မည်ဖြစ်ကြောင်း၊ စာရွက်ပေါ်တွင် ထားရှိသည့် ဆောင်ပုဒ်များအား လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ခရိုင်/မြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အထောက်အကူပြုအဖွဲ့ရှိသည်ကို ပြည်သူများသိရှိရန် လိုအပ်ကြောင်း၊ ထိုသို့ သိမှသာ မူးယစ်ဆေးဝါးအတွက် အတားအဆီးတစ်ခုဖြစ်လာနိုင်ကြောင်း၊ တက္ကသိုလ်/ကောလိပ်များတွင်လည်း ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆန့်ကျင်ပေးကြရန် ပြောကြားခဲ့ပါသည်။

Photo By : Wai Zin

19-Sep-2019