ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ တိုင်းဒေသကြီး ကျန်းမာရေး/ကုသရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် World Patient Safety Day အထိမ်းအမှတ် အခမ်းအနားတက်ရောက်

လူနာဘေးကင်းလုံခြုံမှု (Patient Safety)သည် ကျန်းမာရေးကဏ္ဍအတွက် အလွန်အရေးကြီးပြီး Universal Health Coverage ရရှိရေးအတွက် ဆောင်ရွက်ရာတွင်လည်း မဖြစ်မနေ အလေးပေး ဆောင်ရွက်ရမည့်ကိစ္စတစ်ရပ်ဖြစ်သကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများအတွက်လည်း ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် စက်တင်ဘာလ (၁၇)ရက်နေ့ကို World Patient Safety Day အဖြစ်သတ်မှတ်ပြီး Patient Safety အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ယခုနှစ်၏ ဆောင်ပုဒ်ကို Speak up for Patient Safety ဟု ဖွင့်ဆိုပြီး အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးရှိ ကျန်းမာရေးဌာနများတွင် တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ပုသိမ်မြို့၊ တိုင်းဒေသကြီး ကျန်းမာရေး/ကုသရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၁၇.၉.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် World Patient Safety Day အထိမ်းအမှတ် အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်ပေးသူများအနေဖြင့် အရည်အသွေးပိုမိုပြည့်ဝစွာ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် တိုးတက်နေသည့် ကျန်းမာရေးဆိုင်ရာ အသိအမြင်၊ အတတ်ပညာ ဗဟုသုတများ လိုအပ်သလို ကျန်းမာရေး စောင့်ရှောက်မှုခံရာတွင် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အပြန်အလှန် ရောဂါကူးစက်နိုင်ခြင်းမှ ကာကွယ်ရန် သွေးသွင်းခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်း စသည်တို့၏ နောက်ဆက်တွဲပြဿနာများမှ စုပေါင်းကာကွယ်နိုင်ရန်စသည့် လူနာဘေးကင်းလုံခြုံမှု (Patient Safety)ရှိစေရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက်ပါ အရေးကြီးသည့် Patient Safety နှင့်ပတ်သက်၍ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားမှ အကောင်းဆုံးသော အကြံပြုချက်များနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်မည့်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ တစ်ဦးချင်းစီအလိုက် ကြိုးပမ်းဆောင်ရွက်ကြသလို အဖွဲ့အစည်း/ကဏ္ဍအလိုက် မျိုးဆက်သစ်များကိုပါ စည်းရုံးကာ Patient Safety နှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးမှ World Patient Safety Day ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုသိမ်အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်မှ World Patient Safety Day လုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ 

17-Sep-2019