ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်

ကမ္ဘာ့လေထုအတွင်းရှိ အိုဇုန်းလွှာသည် လူသားများနှင့်သက်ရှိများကို အန္တရာယ်ဖြစ်နိုင်သည့် နေရောင်ခြည်နှင့်အတူ ပါလာသော ခရမ်းလွန်ရောင်ခြည် (UV-B) နှင့် (UV-C)ကို စုပ်ယူပြီး ကမ္ဘာမြေပေါ်သို့ မကျရောက်အောင် ထီးသဖွယ်ကာကွယ်ပေးထားသည်အတွက် သက်ရှိလောကအတွက် တန်ဖိုးမဖြတ်နိုင်သည့် သဘာဝအကာအရံတစ်ခုဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အေ အမျိုးအစား (UV-A)ကို စုပ်ယူခြင်းမပြုဘဲ ခရမ်းလွန်ရောင်ခြည် - ဘီ (UV-B) ကို ကမ္ဘာမြေပေါ်သို့ မကျရောက်စေရန် (၉၅)ရာခိုင်နှုန်းမှ (၉၉)ရာခိုင်နှုန်းအထိ နေကာသဖွယ် ကာကွယ်ပေးထားသော အိုဇုန်းလွှာ ပျက်စီးယိုယွင်းမှုကို ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းပြီး ထိန်းသိမ်းကာကွယ်နိုင်ရန် ၁၉၈၅ ခုနှစ်၊ သြစတေးလျနိုင်ငံ၊ ဗီယင်နာမြို့တွင် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ချုပ်ဆိုခဲ့ပြီး ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်တရီယယ်နောက်ဆက်တွဲ စာချုပ်ကို ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့တွင် ချုပ်ဆိုခဲ့ကာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မှတ်တိုင်တစ်ခုဖြစ်ပါသည်။ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းအမျိုးအစားများကို ထပ်မံတွေ့ရှိသောကြောင့် နောက်ဆက်တွဲ ပြင်ဆင်ချက်များကို ထပ်မံပြင်ဆင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှု ပြုယုင်္ဂတစ်ခုဖြစ်သည့် မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်၏ (၃၂)နှစ်အတွင်း အောင်မြင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့မှာ ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို 32 Years and Healing ၊ ၃၂ နှစ်ကြာ အောင်မြင်မှုကို အိုဇုန်းလွှာက သက်သေပြုဆိုသည့် ဆောင်ပုဒ်နှင့်အတူ ဂုဏ်ပြုကျင်းပသည့် အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၁၆.၉.၂၀၁၉) ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှုကို ထိန်းချုပ် ပြုပြင်လာနိုင်ခြင်းသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာမွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ လုပ်ငန်းစဉ်များကို မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း၊ ဒီအောင်မြင်မှုရလဒ်များကို ဆက်လက် ထိန်းသိမ်းပြီး မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများလျော့နည်းရပ်ဆိုင်းရေးဆိုင်ရာ လက်ရှိနှင့် အနာဂတ်လုပ်ငန်းအစီအစဉ်များတွင် ကမ္ဘာ့နိုင်ငံများနှင့်အတူဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းလုပ်ကိုင်နေကြ သည့်လုပ်ငန်းရှင်များ၊ ပြည်သူများအနေဖြင့်လည်း ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာ့လေထုအတွင်း  အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ကင်းဝေးစေရန်ဣျင့် ကမ္ဘာကြီးပူနွေးမှုဖြစ်နိုင်ခြေ (Global Warmong Potential) လျှော့ချနိုင်စေရန် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှု လျော့ချရပ်ဆိုင်းရေးလုပ်ငန်းစဉ်များတွင် စိတ်အားထက်သန်စွာပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားပေးပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ ၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး ဗွီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

16-Sep-2019