ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ (၄)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ (၄)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃.၉.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်း အသီးသီးမှ ကျောင်းအုပ်ကြီးများ၊ စက်ရုံမှူးများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် ကုန်းလမ်း၊ ရေလမ်းကြောင်းနှင့် ဆက်စပ်လျက်ရှိပြီး ပင်လယ်ဝင်ပေါက်/ထွက်ပေါက်များ များပြားသည့်အတွက် လုံခြုံရေးကို အထူးဂရုစိုက်ရန်လိုကြောင်း၊ ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ဝင်ငွေလျာထားချက်များ အပြည့်အဝရရှိရေးကို အထူးအလေးထား ဆောင်ရွက်ရန်နှင့် အသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ အလေအလွင့်မရှိ အကျိုးရှိစွာသုံးစွဲကြပြီး စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးကို အလေးအနက်ထား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ သိမ်းဆည်းမြေများအား လျော်ကြေးပေးချေရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး စွန့်လွှတ်သည့်မြေများ သက်ဆိုင်သူလက်သို့ အမြန်ရောက်ရှိရေး လုပ်ငန်းစဉ် (၉)ရပ်နှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သက်ဆိုင်ရာဌာနများအနေဖြင့် မြေနမူနာရယူစေကာ ဓာတ်ခွဲစမ်းသပ်တွေ့ရှိချက်များအပေါ် မူတည်ပြီး မြေဆီလွှာနှင့်ကိုက်ညီမည့် ဓာတ်မြေသြဇာသုံးစွဲနိုင်ရန် တောင်သူလယ်သမားများအား အသိပညာပေးစေလိုကြောင်း၊ ပြည်သူများအတွက် မျက်နှာမူပြီး ဆောင်ရွက်ရသည့်နေရာတွင် ဌာနများအနေဖြင့် မိမိဌာနမှ ဝန်ဆောင်မှုပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်လာပါက စိတ်ရင်းစေတနာရှေ့ထားပြီး ဝန်ဆောင်မှု ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပြီး အချိန်မဆွဲ၊ အချိန်မဆိုင်းဘဲ လုပ်ဆောင်ပေးကြရန်၊ ဥပဒေနားမလည်သေးသည့် ပြည်သူများအား စိတ်ရှည်လက်ရှည်နှင့် လမ်းကြောင်းမှန်ကို လမ်းညွှန်ပြီး လုပ်ငန်းပြီးမြောက်အောင် ပြည်သူများ၏ အခက်အခဲများ ပြေလည်အောင်ဖြေရှင်းပေးစေလိုကြောင်း၊ ပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှု လျော့နည်းခြင်းမရှိအောင် မြန်မြန်နှင့်မှန်မှန် ဝန်ဆောင်မှုပေးပြီး အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ပေးကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိကိုယ်တိုင်သာမက မိမိတို့၏ အဆင့်ဆင့်သော ဝန်ထမ်းများအား ပြည်သူ့အကျိုးကို ရှေးရှုပေးရန်၊ ပြည်သူအား ဝန်ဆောင်မှုပေးသည့်အခါ ငါလုပ်ပေးမှရသည်ဆိုသည့် စိတ်နှင့်အချိန်ကြာအောင်ဆွဲမထားရန်၊ ငွေပေးနိုင်သူသာ မြန်စေ၊ ငွေမပေးနိုင်သူက ကြာစေဆိုသည့် စိတ်မျိုးမထားဘဲ လုပ်ဆောင်ပေးကြရန် ပြောကြားခဲ့ပါသည်။

 

ဆက်လက်ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ သုံးသပ်ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ်လမ်းညွှန်စကား ပြောကြားခဲ့ပါသည်။

04-Sep-2019