ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဓနုဖြူမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှု ထူးချွန်ဆရာ/ဆရာမများနှင့်အောင်ချက် အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသော လူရည်ချွန်မောင်မယ်မျာ းမွေးထုတ်ပေးနိုင်ရေးနှင့် နောင်မျိုးဆက်သစ်ကျောင်းသား/ ကျောင်းသူများ/ လူငယ်လူရွယ်များ အတုယူကောင်းများရရှိ၍ ကြိုးစားချင်စိတ်ဖြစ်ပေါ်လာစေရန် ဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊သင်ကြားမှု ထူးချွန်ဆရာ/ဆရာမများနှင့်အောင်ချက် အကောင်းဆုံးကျောင်းများအား နှစ်စဉ်ဂုဏ်ပြုဆုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်၍ စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများဖြစ်စေရေး ဆောင်ရွက်ပေးလျက်ရှိပြီး၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ သင်ကြားမှု ထူးချွန်ဆရာ/ဆရာမများနှင့်အောင်ချက် အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌ ၊တိုင်းဒေသကြီအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဓနုဖြူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက“မြန်မာ့ကျောင်း” တေးသီချင်းအားဂုဏ်ပြုသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး အမှတ်(၄)ရပ်ကွက် အမက(BBM) ကျောင်းမှ ကျောင်းသူလေးများက“အပျိုတော်” ယိမ်းအား ကပြဖျော်ဖြေတင်ဆက်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ပညာရေးမြှင့်တင်မှုအစီအစဉ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို မဟာဗျုဟာတစ်ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ ၂၀၁၈ -၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများ၊ကျောင်းသားမိဘများ၏ကြိုးစားအားထုတ်မှု ရလဒ်ကောင်းများအား ယနေ့ အခမ်းအနားတွင် ထုတ်ဖော်ပြသနိုင်ခဲ့သည့်အတွက် ဝမ်းသာပိတိဖြစ်ရပါကြောင်း၊ ပညာရေးလုပ်ငန်းများတွင် မိဘပြည်သူများ ပိုမိုပူးပေါင်းပါဝင်စေရန်နှင့် ကလေးများပညာကို ကြိုးစားသင်ယူလိုစိတ်ရှိပြီး လူတော်လူကောင်းများပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံ တော်သစ်တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော အသိပညာရှင်/အတတ်ပညာရှင်များသည် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူကြမည့် မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အခြေခံကျသော လိုအပ်ချက်တစ်ခုဖြစ်သောကြောင့် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီလာရေး ကြိုးပမ်းဆောင်ရွက်သွားလျက်ရှိကာ လက်ရှိကျင့်သုံးနေသော မသင်မနေရအခမဲ့ မူလတန်း/အလယ်တန်းပညာရေးစနစ်နှင့် ကျောင်းပြင်ပသင်ပညာရေးစနစ်များအား ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ပြီး ကျောင်းအဆင့်များတိုးမြှင့်ခြင်း၊ ဖွင့်လှစ်ပြီးကျောင်းများအရည်အသွေးမြှင့်တင်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ပိုမိုအသုံးပြုနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ထမ်းများအရည်အသွေးမြင့်မားရေး၊ အလယ်တန်းနှင့်အထက်တန်းကျောင်းနေနှုန်းမြှင့်မားရေးတို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ/အစိုးရမဟုတ်သော အဖွဲ့အစည်းများ/လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်ပမှအဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေးအတွက် ပညာတော်သင်ဆုများချီးမြှင့်ခြင်း၊ ပြည်တွင်းအသက်မွေးဝမ်းကြောင်း ပညာရပ်သင်ကျောင်းများဖွင့်လှစ်ခြင်း၊ ပညာထူးချွန်သူများအတွက် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ခြင်း၊ သင်ကြားမှုနည်းစနစ်များနှင့် သင်ရိုးသစ်များအား အကောင်အထည်ဖော်သင်ကြားခြင်းများအား ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးဌာနမှတာဝန်ရှိသူများနှင့်ပညာရေးဝန်ထမ်းများ၊ ပညာရေးနှင့်နှီးနွယ်သော ဌာနဆိုင်ရာများ၊ စေတနာရှင်များ၊ အလှူရှင်မိဘများ စုပေါင်းအင်အားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် စည်းလုံးညီညွှတ်စွာဖြင့် ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပေးကြပါရန်နှင့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ယခုနှစ်ထက်မက ထူးချွန်ထက်မြက်၍ အရည်အချင်းပြည့်ဝသော နိုင်ငံ့သားကောင်းရတနာ/ သမီးကောင်းရတနာများအား မွေးထုတ်ပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနိဂုံး ချုပ်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ဓနုဖြူမြို့နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအခြေအနေများနှင့် အားနည်းချက်/အားသာချက်များ အောင်ချက်တိုးတက်မြင့်မားစေရန်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ဓနုဖြူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ရွှေကူ)မှ အဌမတန်းကျောင်းသူ မအေးရတနာသျှန်မှ“ဗိုလ်ရှုသဘင်”သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား / ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများ၊သင်ကြားမှုထူးချွန်ဆရာ/ဆရာမများ အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ/ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုတံဆိပ်များအား အသီးသီး ဆုချီးမြှင့်ခဲ့ကြပြီး အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်များပြုလုပ်ခဲ့ပြီး အမက(ရေတွင်းကုန်း)ကျောင်းသူလေးများက “ရွှေဧည့်သည်”သီချင်းဖြင့်လည်းကောင်း၊ ဓနုဖြူမြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “ထာဝရမြန်မာ”သီချင်းဖြင့်လည်းကောင်း၊ အမက(ရေတွင်းကုန်း)ကျောင်းသူလေးများက “ဘွန္တော”သီချင်းဖြင့်လည်းကောင်း၊ အမက(BBM)မှကျောင်းသား/ကျောင်းသူလေးများက “တောင်ယာဝင်ချိန်”ရှမ်းယိမ်းဖြင့်ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

(အခမ်းအနားတွင် (၄)ဘာသာဂုဏ်ထူး ရှင် (၅)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၁၉)ဦး၊(၂)ဘာသာဂုဏ်ထူးရှင် (၇၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၇၀) ဦးတို့အားဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်)

26-Aug-2019