ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၉)သို့တက်ရောက်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၁၉)ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ (၂၁.၇.၂၀၁၉)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်တွင် ကျင်းပရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေးတွင် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ချက်များအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်မည့်အစီအစဉ်များအား ပေါင်းစပ်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ယခင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ပုဒ်တွေများပြီး လုပ်ငန်းဆောင်ရွက်ချက် နည်းပါးကြောင်း၊ လုပ်ငန်းလက်တွေ့လုပ်ဆောင်ရာတွင် ရန်ပုံငွေလိုအပ်သဖြင့် အလှူရှင်များမှ လှူဒါန်းနိုင်ကြောင်း၊ ခရိုင်များသို့ မူးစိတ်တားကော်မတီအဖွဲ့ဝင်များ ကိုယ်တိုင်သွားရောက်၍ ထိန်းသိမ်းခြင်း၊ ပညာပေးခြင်း၊ ကြော်ငြာဟန့်တားခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် တစ်ပေးညီ ဆောင်ရွက်သွားမည်ဖြစ်ကာ အောက်ခြေအဆင့်ရှိ ရာအိမ်မှူးများကိုလည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ Short Method နည်းစနစ်များ သင်ကြားပို့ချပြီးဖြစ်သည့်အတွက် တားဆီးကာကွယ်ရေးလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

Photo By : Wai Zin

22-Aug-2019