ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများ၊ သင်ကြားမှုထူးချွန်ဆရာ/ဆရာမများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း ပညာရေးကျောင်းများအဆင့်မြှင့်တင်ခြင်း၊ ဆရာ/ဆရာမအင်အားပြည့်မီရေးနှင့်အရည်အသွေးပြည့်ဝသော ဆရာ/ ဆရာမများဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိပြီး ထူးချွန်ကျောင်းသားကျောင်းသူများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးဌာန၏မူဝါဒများနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ ထူးချွန်ထက်မြက်သူများကိုလည်း ဂုဏ်ပြုချီးမြှင့်ပွဲများကျင်းပ၍ နောင်မျိုးဆက်သစ် လူငယ်လူရွယ်များ ကြိုးစားချင်စိတ်ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် မြောင်းမြမြို့နယ်မှ
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများ၊ သင်ကြားမှုထူးချွန်ဆရာ/ဆရာမများ၊ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အထက(စခန်းကြီး)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက တယောတီးခတ်၍ အထက(၁) ကျောင်းသား/ကျောင်းသူလေးများက“မြန်မာ့ကျောင်း” တေးသီချင်းအား ဂုဏ်ပြုသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်စနစ်နှင့်အညီ နိုင်ငံတကာကိုရင်ဘောင်တန်းနိုင်ပြီး လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး ပညာရေးပြု ပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိပ်ရှင်းလင်းပြောကြားခဲ့ကာ မိဘများအနေဖြင့်လည်း မိဘဝတ္တရားနှင့်အညီ မိမိတို့၏သားသမီးများကို ပညာသင်ရာကျောင်းများသို့ အရောက်ပို့ပေးကြရမှာဖြစ်ပြီး ဆရာ/ဆရာမများကလည်း တပည့်များအပေါ် မိဘနှင့်မခြား အသိပညာ/အတတ်ပညာများကို ဆရာကျင့်ဝတ်များနှင့်အညီ ကလေးများကျောင်းနေပျော်ပြီး စာတော်စေရေးနှင့် ခေတ်နှင့်အညီတိုးတက်ပြောင်းလဲနေသော သင်ကြားမှု နည်စနစ်များ/ သင်ထောက်ကူ(3 Plat Form)များပြည့်စုံအောင်သုံး၍ ထိရောက်စွာသင်ကြားပေးခြင်းဖြင့် မျိုးဆက်သစ်လူ့စွမ်း အားအရင်းအမြစ် အသိပညာရှင်/အတတ်ပညာရှင်များ မွေးထုတ်ပေးကြဖို့တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ခေတ် လူငယ်များ၏လက်ဝယ်တွင်မူတည်လျက်ရှိပြီး ထူးချွန်ထက်မြက်သူများပေါ်ထွန်းရေးသည် များစွာလိုအပ်လျက်ရှိပါသဖြင့် မိဘများ/ ဆရာ၊ ဆရာများ/ ကျောင်းသား၊ ကျောင်းသူများ/ ကျောင်းအကျိုးတော်ဆောင်များအနေဖြင့်ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ မြောင်းမြမြို့နယ်၏ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာနှုန်းမှာ (၂၆.၂၉%)ဖြစ်ပြီး တိုင်းဒေသကြီးတွင် အဆင့်(၁၉)ဖြစ်သည့်အတွက် နောင်လာမည့်နှစ်တွင် ယခုနှစ်ထက် အောင်ချက်မြင့်မားလာအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာ ကြားလိုပါကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သော မြောင်းမြမြို့နယ်မှ ပညာရည်ထူးချွန်ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲမှသည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရသော လူရည်ချွန်မောင်မယ်များအား မွေးထုတ်ပေးနိုင်ကြပါစေ လို့ဆုတောင်မေတ္တာပို့သ၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူးမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက မြောင်းမြမြို့နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအခြေအနေများနှင့် အားနည်းချက်/အားသာချက်များ၊အောင်ချက်တိုးတက်မြင့် မားစေရန်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် မြောင်းမြမြို့နယ်တွင် ၂၀၁၉ခုနှစ် ပညာရည်ချွန်ဆုပေးပွဲဖြစ်မြောက်ရေးအတွက် ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ၊ မြောင်းမြမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်တင့်က ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများ၊ သင်ကြားမှုထူးချွန် ဆရာ/ဆရာမများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ/ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုတံဆိပ်များအား အသီးသီးဆုချီးမြှင့်ခဲ့ကြပြီးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ထူးချွန်ကျောင်းသား/ကျောင်းသူများကိုယ်စား အထက(၁)ကျောင်းမှ (၅)ဘာသာဂုဏ်ထူးရှင် မောင်ခန့်မင်းသွေးက ဂုဏ်ထူးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ အထက (၁)မှ ပထမတန်းကျောင်းသား/ကျောင်းသူလေးများက “ထာဝရသစ္စာ” သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေခဲ့ပြီး ဖျော်ဖြေရေးကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

(အခမ်းအနားတွင် (၅)ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊(၂)ဘာသာဂုဏ်ထူးရှင် (၄၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၄၃) ဦးတို့အားဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်)

Photo by : Wai Zin

21-Aug-2019