ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံကျောင်းပေါင်းစုံ ကျောင်းသူဘောလုံးပြိုင်ပွဲတွင် ပထမဒိုင်းဆုကြီးကို ဆွတ်ခူးရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ကျောင်းသူဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နိုင်ငံတော်အတွင်း ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အခြေခံကျောင်းသားအရွယ်မှစတင်ကာ အားကစားလှုပ်ရှားမှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်များ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှ သြဂုတ်လ (၂)ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပပြုလုပ်ခဲ့သော အသက် (၁၃)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံကျောင်းပေါင်းစုံ ကျောင်းသူဘောလုံးပြိုင်ပွဲတွင် ပထမဒိုင်းဆုကြီးကို ဆွတ်ခူးရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ကျောင်းသူဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ (၁၆.၈.၂၀၁၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ပြိုင်ဖက် အသင်း (၁၆)သင်းအား ရှုံးပွဲမရှိ၊ ဂိုးပြတ်ဖြင့် ပထမဒိုင်းဆုကြီးကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းသည် အသင်းအဖွဲ့တစ်ခုကို စနစ်တကျ ဖွဲ့စည်းလေ့ကျင့်စီမံ ဆောင်ရွက်ခဲ့ကြသော အုပ်ချုပ်နည်းပြများနှင့် တာဝန်ရှိပုဂ္ဂိုလ်များအပြင် ထူးချွန်ကျောင်းသူလေးများ၏ ကြိုးစားဆောင်ရွက်မှုကြောင့်ပင်ဖြစ်သည့်အတွက် အထူးပင်ဂုဏ်ယူပါကြောင်း၊ ဆုရကျောင်းသူဘောလုံးသမားများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲကျင်းပရခြင်း၏ လုပ်ငန်းစဉ်ဖြစ်သည့် လူငယ်အမျိုးသမီး ဘောလုံးအကယ်ဒမီအတွက် ရွေးချယ်ခေါ်ယူခွင့်ရရှိကြမည်ဖြစ်ကြောင်း၊ လက်ရှိအောင်မြင်မှုကို ရပ်တန့်မနေဘဲ ကြိုတင်ပြင်ဆင်မှုအဖြစ် ကျောင်းတက်မပျက် စာကြိုးစားရင်း ဘောလုံးလေ့ကျင့်မှုများကို ကျွမ်းကျင်သည့် ဌာနေဆရာများနှင့် ပေါင်းစပ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားတိုးတက်မြင့်မားရေးကို ပညာရေးနှင့်အတူ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖြင့် နှီးနွယ်နေသော ဌာနများ၊ စေတနာရှင်များ၊ အလှူရှင်များ၊ မိဘများအားလုံး၏ စုပေါင်းအားဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မှုတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးကြပါရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပိုမိုထွက်ပေါ်လာနိုင်အောင် ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားကာ ဆုရကျောင်းသူဘောလုံးအသင်းအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သော ငွေ (၂၁)သိန်းကျပ်အား ချီးမြှင့်ပြီး ဧရာဝတီယူနိုက်တက် ဘောလုံးအသင်းမှ ငွေကျပ် (၈)သိန်းတို့အား ချီးမြှင့်ခဲ့ပါသည်။ 

Photo By : Wai Zin
 

16-Aug-2019