ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (ဒုတိယအကြိမ်)ဝါခေါင်လ ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတက်ရောက်

ဝါခေါင်လရောက်တိုင်း မိုးလရာသီဖြစ်သောကြောင့် ကျန်းမာရေးချို့တဲ့ကာ စားနပ်ရိက္ခာရှားပါးလာသဖြင့် မိသားစုအချင်းချင်း ပြန်လည်တွေ့ဆုံကာ ဆွေမျိုးအချင်းချင်းသိုက်သိုက်ဝန်းဝန်း ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးကြကာ အဖိုးအဖွားများက မိမိတို့၏ သားသမီးများကို အနားတွင်ခေါ်ယူ၍ ချည်ဖြူစကိုကိုင်ပြီး မိမိတို့၏ သားသမီးမြေးမြစ်များ ကျန်းမာချမ်းသာကြပါစေကြောင်း၊ မကောင်းဆိုးဝါး ဘေးဥပါဒ်အန္တရာယ်အသွယ်သွယ်မှ ကင်းဝေးပါစေကြောင်း၊ လှည့်စားသူ လိမ်လည်သူ၊ လူလိမ်လူကောက်စကားနောက်ကို နားမယောင်ဘဲ မိမိတို့ရပ်တည်ချက်ဖြင့် နေထိုင်ကြစေလိုကြောင်း၊ မိမိရှေ့တွင် ချိုပြီး နောက်ကွယ်တွင် စိတ်ဓာတ်ချင်းတူသောသူ၊ အရှုံးနှင့်ရင်ဆိုင်နေရသော်လည်း အဝေးကနေပြန်ပြီး ဟောင်တတ်သော စိတ်ဓာတ်ညံ့ဖျင်းသူများကို အယုံမလွယ်စေကြောင်း၊ စားနပ်ရိက္ခာ စီးပွားဥစ္စာတိုးပွားပြီး အင်အားဗလသန်မာသော ကျောက်သားကို ကိုက်ခွဲနိုင်သောအစွမ်း၊ သံကိုကိုက်ဖြတ်နိုင်သော အစွမ်းများ ရရှိနိုင်ပါစေကြောင်း၊ ကျောက်သံပတ္တမြား၊ စိတ်ရွှေငွေရတနာများ စားမကုန်လှူမခမ်း တိုးပွားစေကြောင်း၊ ရေကဲ့သို့ကြည်လင်ပြီး ပန်းကဲ့သို့ ဘဝရနံ့မွှေးကြိုင်ကာ အတတ်ပညာရှင်၊ အသိပညာရှင်၊ စီးပွားရေးပညာရှင်များ ဖြစ်လာနိုင်ပါစေ၊ မိမိတို့၏ စိတ်ဝိဉာဉ်လိပ်ပြာသည် မိမိတို့၏ ခန္ဓာကိုယ်၊ အမိ၊ အဖ၊ အဖိုး၊ အဖွား၊ မောင်နှမ၊ ဆွေမျိုး၊ ဆရာသမား၊ သားသမီးများနှင့် နေထိုင်နိုင်ပါစေကြောင်း၊ ကုန်းလမ်းတွင် ခရီးသွားပါက အန္တရာယ်ကင်း ဘေးရှင်းပြီး ရေလမ်းတွင် ခရီးသွားပါက လိုရာခရီးကို ချောမောလျင်မြန်စွာ ရောက်ရှိနိုင်ပါစေကြောင်း၊ မိမိတို့ မိသားစုနှင့်မကွဲမကွာ ချည်ဖြူစအရောင်ကဲ့သို့ ဆံပင်ဖြူသည်အထိ အတူတကွ နေထိုင်သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ ဝါခေါင်လရောက်တိုင်း ဆွေမျိုးသားချင်း အချင်းချင်း  သိရှိနိုင်ရန် လက်ကောက်ဝတ်တွင် ချည်ဖြူစများဖြင့် ရစ်ချည်မှတ်သားကာ ချည်ဖြူဖွဲ့မင်္ဂလာကို နောင်လာနောင်သားတို့က အစဉ်အမြဲ ကျင်းပနိုင်ရန် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (ဒုတိယအကြိမ်)ဝါခေါင်လ ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၁၃.၈.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကရင်တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားကာ ကွဲပြားခြားနားသော ကရင်လူမျိုးများ ပြန်လည်စည်းလုံးညီညွတ်လာရန် လူမျိုးတစ်မျိုးအနေဖြင့် မြန်မာနိုင်ငံအပါအဝင်၊ ကမ္ဘာအရပ်ရပ်မှ နေထိုင်သော ကရင်လူမျိုးများအားလုံး မိမိတို့၏ စည်းလုံးညီညွတ်မှု ပြန်လည်တည်ဆောက်သည့် ဤလက်ချည်ပွဲယဉ်ကျေးမှုကို ပြုလုပ်ဖော်ဆောင်ခြင်းအပြင် ဧရာဝတီတိုင်းဒေသကြီးသာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးရှိ တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ပြီး ရောဂါဘယဆိုး၊ ဘေးဆိုးအန္တရာယ်ဆိုး အမျိုးမျိုးမှ  ကင်းဝေးစေကြောင်း ဆုမွန်ကောင်းများတောင်း၍ လက်ချည်ပွဲ အခမ်းအနားအား ကရင်တိုင်ရင်းသား၊ တိုင်းရင်းသူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပါသည်။ 


 

13-Aug-2019