ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ လွန်ကန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် အာဟာရပြည့်ဝရေးဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ဥရောပသမ္မဂအဖွဲ့အစည်း၏ European Union-EU Budget Support Program ဖြင့် Agriculture Development Strategy (ADS) & Multi-Sectoral National Plan of Action on Nutrition (MS-NPAN)နှင့်စပ်လျဉ်းသည့် လုပ်ငန်းအစီအစဉ်များနှင့် Performance Indicators များ ပါဝင်သည့် Nutrition Sector Reform Contract-NSRC (မူကြမ်း)အား သက်ဆိုင်ရာဌာနကိုယ်စားလှယ်များနှင့် EU မှ ကျွမ်းကျင်ပညာရှင်များဖြင့် ပြင်ဆင်ထားပြီး Performance Indicators များအား သက်ဆိုင်ရာဌာနများမှ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ အာဟာရပြည့်ဝရေးဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ပုသိမ်မြို့၊ လွန်ကန်ဟိုတယ်၌ (၂၂.၇.၂၀၁၉)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ EU မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ယခုအခါ အာဟာရဓာတ်ချို့တဲ့မှုကြောင့် (၅)နှစ်အောက် ကလေးငယ်များ အရပ်ပုနှုန်းသည် ဧရာဝတီတိုင်းဒေသကြီး၌ (၃၇.၉)ရာခိုင်နှုန်းရှိနေပြီး ချင်းပြည်နယ်ပြီးလျှင် ဒုတိယအများဆုံးဖြစ်နေကြောင်း၊ အာဟာရဓာတ်ချို့တဲ့မှုလျှော့ချရေးကို စိုက်ပျိုးရေးဝန်ကြီးဌာနမှ အခြားသော ဆက်စပ်ဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသို့ ကြွရောက်လာကြသူများ၊ တာဝန်ရှိသူများနှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း၊ မြို့နယ်အလိုက် မတူကွဲပြားသော မြေပြင်အနေအထား၊ ရာသီဥတုအခြေအနေနှင့် နေထိုင်မှုပုံစံကွဲပြားမှုတို့ကြောင့် အာဟာရချို့တဲ့မှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့နယ်အသီးသီးတွင် ရှိနေသော အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြု၍ အကျိုးဖြစ်ထွန်းမှု အမြင့်ဆုံးဖြစ်စေမည့် လုပ်ငန်းစဉ်များကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ NSRC ပါ Performance Indicators များ အကောင်အထည်ဖော် ဆောင်ရွက်မည့် သက်ဆိုင်ရာဦးစီးဌာနများအနေဖြင့် အပြည့်အဝ လုပ်ဆောင်နိုင်မှု ရှိ/မရှိနှင့် သက်မှတ်ထားသည့် အညွှန်းကိန်းများအား ပြည့်ဝစွာ ဆောင်ရွက်နိုင်မှု ရှိ/မရှိ ဝိုင်းဝန်းဆွေးနွေးကြရန် လိုအပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနများအကြား သတင်းအချက်အလက်များ မျှဝေရန်အတွက်လည်း M&E စနစ်တစ်ခု တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများ၏ အာဟာရကဏ္ဍဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတို့တွင် EU အဖွဲ့အစည်းအနေဖြင့် စိုက်၊ မွေး၊ ဆည် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ADS, MS-NPAN နှင့် NSRC စီမံကိန်းများကို ဧရာဝတီတိုင်းဒေသကြီးတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် EU အဖွဲ့အစည်းအနေဖြင့် အထောက်အပံ့များပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်သော အကူအညီများ၊ ညှိနှိုင်းဆောင်ရွက်မှုများကို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
22-Jul-2019