ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား တလေးတစား အလေးထားဂါရဝပြုနိုင်ရန်အတွက် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အခမ်းအနားအဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျရာ ယခုနှစ် ၂၀၁၉ ခုနှစ်၏ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၁၈.၇.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် လွတ်လပ်ရေးအသီးအပွင့်များကို လွတ်လွတ်လပ်လပ် ပြည့်ပြည့်ဝဝ ခံစားနေရသော်လည်း လွတ်လပ်ရေးရအောင် မည်သို့ရင်းနှီးပေးဆပ်ပြီးမှ ရရှိခံစားကြရသည်ကို သိရှိရန် လိုအပ်ကြောင်း၊ အသက်ပေးစွန့်လွှတ်ခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ထိပ်တန်းစံနမူနာထားပြီး လွတ်လပ်ရေးသည် အသက်သွေးချွေးစတေးပြီးမှ ခက်ခက်ခဲခဲရရှိသည်ကို နောင်လာနောင်သားများ သိရှိစေရန်နှင့် ပြည်သူများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နိုးကြားစေလိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးကို ထာဝစဉ်တည်တံ့အောင် နိုင်ငံသားအားလုံးစည်းကမ်းရှိစွာဖြင့် ဥပဒေကို လေးစားလိုက်နာလျက် နေထိုင်တတ်ရန်လိုကြောင်း၊ အချုပ်အခြာထိပါးလာမည့် အန္တရာယ်မှန်သမျှကိုလည်း အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းတိုက်ခိုက်ရန် တိုင်းသူပြည်သားအားလုံး၏ တာဝန်ဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သလို တစ်တိုင်းပြည်လုံး ကြီးပွားရန် လူအား၊ ငွေအား၊ ပစ္စည်းအားများ စုပေါင်းပြီး အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုကြောင်း၊ ပြည်သူများရွေးချယ်တင်မြှောက်ထားသည့် အစိုးရနှင့်အတူ ပြည်သူများပေါင်းစုညီညာစွာဖြင့် ရှေ့သို့လှမ်းချီကြရန်လည်း တိုက်တွန်းလိုကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ပြည်သူအားလုံးနှင့်အတူ တက်ညီလက်ညီ လျှောက်လှမ်းကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ တက္ကသိုလ်/ကောလိပ်အဆင့်၊ အခြေခံပညာအထက်တန်းအဆင့်၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိသူများနှင့် ကဗျာပြိုင်ပွဲတွင် တက္ကသိုလ်/ကောလိပ်အဆင့် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးကုရရှိသူများနှင့် ကဗျာပြိုင်ပွဲတွင် တက္ကသိုလ်/ကောလိပ်အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

Photo by : Wai Zin

18-Jul-2019