ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၁၈၇)ကျောင်းနှင့် သီလရှင်စာသင်တိုက်အား အဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၁၈၇)ကျောင်းနှင့် သီလရှင်စာသင်တိုက်အား အဋ္ဌမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ (၁၂.၇.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၃၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသော ဧည့်ပရိတ်သတ်များမှ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ဖွင့်လှစ်ပေးကြပြီး ပုသိမ်မြို့၊ နိဂြောဓါရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓါန နာယက၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှာ ငါးပါးသီးလ ခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြပါသည်။ ထို့နောက် ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ဦးစီးပဓါန နာယက၊ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနတရားနာကြားကာ ကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ (၁၂၈၁၉၂၀၀)ကျပ်ဖြစ်ပါသည်။

12-Jul-2019