ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၁၉) သို့တက်ရောက်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၁၉)ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ (၁၀.၇.၂၀၁၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် မူးယစ်ဆေးဝါးများကို တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန်မြှင့်ဖမ်းဆီးလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အမှုပေါင်း (၂၃)မှု၊ တရားခံ ကျား/မ (၄၆)ဦး၊ စိတ်ကြွဆေးပြား (၂၈၂၂)ပြား၊ ဆေးခြောက် (၁၄၇.၄၅)ဂရမ် ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အမှုပေါင်း (၉၅)မှု၊ တရားခံ ကျား/မ (၁၆၉)ဦး၊ စိတ်ကြွဆေးပြား (၁၅၂၁၇)ပြား၊ ဆေးပြား (၃၈၁)ဂရမ် ဖမ်းဆီးနိုင်ခဲ့၍ ကာလတူ နှိုင်းယှဉ်ပါက အမှုပေါင်း (၇၂)မှု၊ တရားခံ ကျား/မ (၁၂၃)ဦး၊ စိတ်ကြွဆေးပြား (၁၂၃၉၅)ပြား၊ ဆေးခြောက် (၂၂၃.၅)ဂရမ် ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း၊ လူမှုရေးအဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)အဖွဲ့အစည်းများအနေနှင့် အသိပညာပေးရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ဦးဆောင်ပြီး နိုင်ငံနှင့်အဝှမ်း မူးယစ်ဆေးဝါးကင်းစင်သည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယခုတက်ရောက်လာသူများအနေနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးကင်းစင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် လိုအပ်သော အကြံဉာဏ်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်မည့်အစီအစဉ်များအား ပေါင်းစပ်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စီမံချက်များ အသစ်ပြန်လည်ရေးဆွဲပြီး အောက်ခြေအထိ အရပ်သား၊ ဝန်ထမ်း၊ NGO များအချင်းချင်း အချိတ်အဆက်မိမိ တစ်ပြိုင်နက်တည်း ပေါင်းစပ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ နယ်များအထိဆင်းပြီး ဟောပြောပွဲမျာ ပြုလုပ်ကြရန်၊ တိုင်းဒေသကြီးအစိုးရမှ လုပ်ငန်းစဉ်များအတွက် ဘဏ္ဍာငွေများ ထားရှိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

Photo By : Wai Zin

10-Jul-2019