ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၈.၇.၂၀၁၉)ရက်နေ့ နေ့လည် (၁၃၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင် (၅)ဦး၊ မျိုးစေ့ထုတ်တောင်သူ (၅၉)ဦး၊ မွေးမြူရေးလုပ်ငန်းရှင် (၈)ဦးတက်ရောက်ဆွေးနွေးကြပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ နိုင်ငံဖွံ့ဖြိးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုကဏ္ဍရင်းနှီးမြှုပ်နှံရာတွင် အချိန်ယူရမည်ဖြစ်ပြီး တဖြေးဖြေးဖိတ်ခေါ် ဆောင်ရွက်ရမှာဖြစ်သလို စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍသာလျှင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်တိုအတွင်း သိသာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များနှင့် ပတ်ဝန်းကျင်ရာသီဥတု၊ နည်းပညာ၊ သွင်းအားစု၊ ရေမြေသဘာဝအခြေအနေတို့ ဟန်ချက်ညီညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးမှ အစုအဖွဲ့ဖြင့် ဆောင်ရွက်သောစနစ်သို့ အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားဈေးကွက်ရရှိရန်အတွက် စိုက်ပျိုးထုတ်လုပ်သော ထုတ်ကုန်များမှာ အရည်အသွေးကောင်းရမည်ဖြစ်ကြောင်း၊ Pilot Project များဖော်ဆောင်၍ အရည်အသွေးမြင့်သော ထုတ်ကုန်များ ထုတ်လုပ်မှသာ မြန်မြန်တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှသာလျှင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ တောင်သူများ၊ ကုမ္ပဏီများ၊ ဝန်ဆောင်မှုလုပ်ငန်းများမှ စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သော ထောက်ပံ့မှုများကို စနစ်တကျ စီမံခန့်ခွဲ၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် တောင်သူများမှလည်း ပြန်လည်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို (၁၄၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

09-Jul-2019