ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၁၇)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်အားပေး

မြို့နယ်အသီးသီးမှ လာရောက်ကြသည့် အသင်းများ အဆင့်မြင့်ကွင်းတွင် ကစားခွင့်ရရှိရေး၊ တိုးတက်ပြောင်းလဲနေသည့် တိုင်းဒေသကြီးမြို့တော်၏ အခြေအနေကို မြင်တွေ့စေလိုခြင်း၊ မြို့နယ်များရှိ ကစားသသမား လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းတွင် အရည်အသွေးရှိ လူငယ်များ ရွေးချယ်နိုင်မည့် အခွင့်လမ်းကောင်းများ ရရှိစေရေးအတွက် ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၁၇)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် (၈.၇.၂၀၁၉)ရက်နေ့၊ ညနေ (၁၅၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အားကစားသမားများ အနေဖြင့် ရိုးသားကြိုးစားပြီး သန့်ရှင်းယဉ်ကျေးစွာ ယဉ်ပြိုင်ကစားကြရန်၊ အားကစားသမားတစ်ဦး၏ ဂုဏ်သိက္ခာနှင့်လျော်ညီအောင် ပြုမူနေထိုင်ကြရန်၊ အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင် အားကစားသမားတစ်ဦးတွင် မရှိမဖြစ်လိုအပ်သည့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု ပူးပေါင်းပါဝင် ဆောင်ရွက်မှုဆိုသည့် အချက် (၅)ချက်နှင့် ပြည့်စုံအောင် မိမိကိုယ်ကို မိမိလေ့ကျင့်ပျိုးထောင်ကြရန်နှင့် ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ကိုယ်စားပြုဘောလုံးသမားကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားကာ ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၁၇)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အား ဖွင့်လှစ်ပေးပြီး မြန်အောင်မြို့နယ်အသင်းနှင့် ဝါးခယ်မမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

09-Jul-2019