ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာအုပ်စုမှ တောင်သူဦးကျော်စိုး၏ လယ်မြေ(၆)ဧကတွင် ၂၀၁၉ ခုနှစ် မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်းနှင့် ထွန်ယက်မြေမြုပ်ခြင်းကွင်းသရုပ်ပြပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေး ဘက်စုံ၊ဒေါင့်စုံ၊ ကဏ္ဍစုံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြေဆီလွှာများ ဓာတ်ခွဲစမ်းသပ်လေ့လာခြင်း၊ စံပြဧကကွက်များဖော်ထုတ်ခြင်း၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များဖြန့်ဝေခြင်း၊ လယ်ယာဝန်ဆောင်မှုစင်တာများတည်ထောင်ခြင်း၊ လက်မှုလက်ယာမှ စနစ်ကျစက်မှုလယ်ယာစနစ်သို့ ပြောင်းလဲခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များအား တောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးဆောင်ရွက်လျက်ရှိကာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်များအား တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့၊ (၁၅၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာအုပ်စုမှ တောင်သူဦးကျော်စိုး၏ လယ်မြေ(၆)ဧကတွင် ၂၀၁၉ ခုနှစ် မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထည့်သွင်းခြင်းနှင့် ထွန်ယက်မြေမြုပ်ခြင်းကွင်းသရုပ်ပြပွဲကိုကျင်းပပြုလုပ်ရာ သရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ပါသည်။

အဆိုပါသရုပ်ပြပွဲတွင်မြေဆီလွှာဖွံ့ဖြိုးတိုးတက် ရေးအတွက်သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းနှင့် ထွန်စက်များဖြင့်ထွန်ယက်မြေမြုပ်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အားလက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး ယာယီရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်အဖွဲ့တို့သည် ဒေသခံတောင်သူလယ်သမားများဖြင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ သုံးစွဲခြင်းနှင့်ရရှိသောအကျိုးကျေးဇူးများဆိုင်ရာကိစ္စရပ်များနှင့် ထုံးထည့်သွင်းခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများအား ဒေသခံတောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံတောင်သူများက စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့်သွင်းအားစုထည့်သွင်းခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍သိရှိလိုသည်များအား မေးမြန်းမှုများအပေါ် တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

08-Jul-2019