ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နှင့်ကြံခင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသူ/ကျောင်းသားများ၊ သင်ကြားမှုထူးချွန် ဆရာ/ ဆရာမများနှင့် အောင်ချက်ကောင်း ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းသား/ ကျောင်းသူများ ကျောင်းနေ ပျော်၍ စာတော်စေရေးကိုရည်ရွယ်၍ ကျောင်းအဆင့်များတိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ အန္တရာယ်ရှိအဆောက်အအုံများအား ပြင်ထိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပညာရေးဌာန ၏မူများနှင့်အညီ ပညာရေးဝန်ထမ်းများ ပြည့်မီစေရေးအတွက် ပညာရေးဌာနဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ အောင်ဇေယျခန်းမတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ/ကျောင်းသားများ၊ သင်ကြားမှုထူးချွန် ဆရာ/ ဆရာမများနှင့် အောင်ချက်ကောင်း ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ပညာရေးဌာနမှဝန်ထမ်းများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အထက(၂)မြန်အောင်မှ ကျောင်းသား/ကျောင်းသူလေးများက စည်သူဘိုကလေးတင့်အောင်၏ ပညာရည်ချွန်ဆုနှင်းသဘင်ဂုဏ်ပြုသီချင်းဖြင့် အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို တက်ရောက်လာကြသူများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ဆရာ/ဆရာမများအနေဖြင့်လည်း အရည်အသွေးပြည့်မီတဲ့ ဆရာ/ဆရာမများဖြစ်အောင်ကြိုးစားကြရန်နှင့် ထူးချွန်ထက်မြက်တဲ့ ကျောင်းသား/ကျောင်းသူများပေါ်ပေါက်လာစေရေး မွေးထုတ်သင်ကြားပေးစေလိုပါကြောင်း၊ယခုလိုထူးချွန်ကျောင်းသား/ကျောင်းသူများအား မွေးထုတ်ပေးခဲ့သောဆရာ/ဆရာမများအား မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ နောင်လာမည့်နှစ်တွင်လည်းလက်ရှိအဆင့်ထက် ပိုမိုတိုးတက်မြင့်မားလာအောင် ကြိုးစားသင်ယူပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ကျောင်းသား/ကျောင်းသူများအားလုံးရှေ့ဆက်လျှောက်လှမ်းရမည့် ဘဝခရီးလမ်းတစ်လျှောက်လုံးမှာ အောင်မြင်မှုများစွာပိုင်ဆိုင်နိုင်ပြီး နိုင်ငံအကျိုး/ ပြည်သူ့အကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်ကြသော လူရည်ချွန်မောင်မယ်များဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သ၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် ပြု ပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီးဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ထို့နောက်၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)ဘာသာနှင့်အထက်ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊စိုက်/မွေးဝန်ကြီးနှင့်လူမှုရေးဝန်ကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာ/ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊အောင်ချက် အကောင်းဆုံးဆုရ အထက်တန်းကျောင်းများ၊အထက်တန်းကျောင်း(ခွဲ) များအား လွှတ်တော်ကိုယ်စားလှယ်များကလည်းကောင်း၊ ထူးချွန်ဆရာ/ဆရာမများနှင့်(၃) ဘာသာအောက် ထူးချွန်ကျောင်းသားများအား တာဝန်ရှိသူများလည်းကောင်း အသီးသီးဂုဏ်
ပြုမှတ်တမ်းလွှာ/ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးဆုချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ အဆိုပါအခမ်းအနားတွင် မြန်အောင်ဘိုးဘွားရိပ်သာအတွက် အလှူရှင် ဦးဝင်းလွင်+သီဟသုဓမ္မင်္သိဂီ ဒေါ်ချိုမာလွင်၊သားဂျစ်ထင်အောင် (သစ်လွင်ပစ္စည်းဆိုင်)၊မြောင်းမြမြို့မှလှူဒါန်းသော အလှူငွေကျပ်သိန်း ၃၀ အား အလှူရှင်များကိုယ်စားတိုင်းဒေသကြီးဝန် ကြီးချုပ်က ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးကော်မတီအဖွဲ့ထံပေးအပ်လှူဒါန်းခဲ့ပြီး ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မြန်အောင်ရေနံမြေတွင်းအမှတ် (၁၇၄)အား နည်းပညာများစိုက်ထုတ်၍ ရေနံထွက်ရှိအောင်ဆောင်ရွက်ခဲ့ကြသည့် အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်းနှင့်ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေ (၅)သိန်းချီးမြှင့်ပေးအပ်ခဲ့ပြီး အထက(၁)မြန်အောင် ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန် တေးသီချင်းအား သီဆိုခဲ့၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ကြံခင်းမြို့၊ ဧရာဦးခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ဆုရကျောင်းသား/ကျောင်းသူများနှင့် ထူးချွန်ဆုရကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက မြတ်သောပညာသီချင်းအား ဂုဏ်ပြုသီဆို၍အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် ကြံခင်းမြို့နယ်သည် တိုင်းဒေသကြီးအတွင်း အောင်ချက်ရာနှုန်း ပထမအဆင့်ဖြင့်ရပ်တည်ခဲ့သည်မှာယခုနှစ်တွင် ၅နှစ်ဆက်တိုက်ဖြစ်ပြီး ယခုနှစ်အောင်ချက်ရာနှုန်းမှာ ၃၈.၃၆%ဖြစ်သည့်အတွက်လွန်စွာဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊အစဉ်အလာကောင်းများအားဆက်လက်ထိန်းသိမ်းကြဖို့မှာကြာလိုပါကြောင်း၊ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုကောင်းမွန်ခြင်း၊ဆရာ/ဆရာမများ၏ ကျိုးစားမှုနှင့်အသင်အပြကောင်းမွန်မှုတို့ကြောင့် ယနေ့ရလာဒ်ကို ရရှိခြင်းဖြစ်ပါကြောင်းနှင့် မြို့နယ်၏ အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်း၍ နောင်လာမည့်နှစ်တွင်လည်း ထူးချွန်ထက်မြက်သောလူရည်ချွန်မောင်မယ်များအား ဆက်လက်မွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြောဆို၍နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး၊တိုင်းဒေသကြီးပညာရေးမှူးကပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ချက်များအား ဂုဏ်ပြုမှတ်တမ်းတင် ပြသ၍ထူးချွန်ဆုရကျောင်းသား/ကျောင်းသူများ၊ အောင်ချက်ကောင်းစာသင်ကျောင်းများနှင့် ဘာသာရပ်သင်ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာ/ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား ဆုချီးမြှင့်ခဲ့ကြပြီး ထူးချွန်ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုငွေများလှူဒါန်းခဲ့သော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကာ ကျောင်းသား/ကျောင်းသူလေးများက ပညာပန်းခင်း သီချင်းအား ဂုဏ်ပြုသီဆို၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။

08-Jul-2019