ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (National Case Management Program - NCMP)အားရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်

ပြည်ထောင်စုလွှတ်တော်မှ ခေတ်မီသည့် မှုခင်းစီမံခန့်ခွဲသည့်စနစ်ကို နိုင်ငံတစ်ဝှမ်းရှိ တရားရုံးအားလုံးတွင် အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂)၏ နယ်ပယ် (၅)ဖြစ်သည့် ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးမှ ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရန်ဆိုသည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (National Case Management Program - NCMP)အားရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၆.၇.၂၀၁၉)ရက်နေ့ နံနက် (၈)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် တရားစီရင်ရေးတွင် ဆက်စပ်ပါဝင်သူများ၏ ပူးပေါင်းပါဝင်မှုများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် မှုခင်းစီမံခန့်ခွဲခြင်းလုပ်ငန်းများကို တရားရုံးမှ ပြုလုပ်ရာတွင် သေချာနားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆောင်ရွက်ခြင်းအားဖြင့် မှုခင်းပြီးပြတ်မှုနှုန်းတိုးတက်လာပြီး ကြန့်ကြာသော မှုခင်းများလျော့နည်းကျဆင်းလာကာ တရားရုံးအသုံးပြုသူများ၏ စိတ်ကျေနပ်မှု အနေအထားမှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ယနေ့ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတွင် သက်ဆိုင်ရာဌာနက ရှင်းလင်းပြောကြားသည့် အချက်များကို သေချာစွာ လေ့လာမှတ်သားပြီး စီမံခန့်ခွဲမှု အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနယ်ပယ်များ၊ အချင်းချင်း အပြန်အလှန် ထိန်းကြောင်းခြင်းအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုအဖြည့်စေမှာဖြစ်ကြောင်း၊ တရားစီရင်ရေးတွင် ဆက်စပ်ပါဝင်သူများ အနေဖြင့်လည်း တရားရုံးမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် တရားရုံးမှ ဆောင်ရွက်သည့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အောင်မြင်ပါစေကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ပုသိမ်ခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီးတို့မှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (NCMP)အား ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများမှ ဆွေးနွေးမေးမြန်းမှုများကို တိုင်းဒေသကြီးတရားသူကြီးချုပ်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

08-Jul-2019