ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြတ်တိုရပ်၊ မြို့နယ်စုပေါင်းရုံး မြေညီထပ်၌ ဧရာဝတီတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲတက်ရောက်

ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများအား ဥပဒေနှင့်အညီ ရှေ့နေငှားရမ်းပေးခြင်း၊ ဥပဒေဆိုင်ရာ အသိပညာပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီပေးခြင်းနှင့် သတင်းအချက်အလက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့၊ မြတ်တိုရပ်၊ မြို့နယ်စုပေါင်းရုံး မြေညီထပ်၌ (၁.၇.၂၀၁၉)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူူး၊ တိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များမှ ဥပဒေအရ လိုအပ်သော အကူအညီများ တောင်းခံလာပါက သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်းပါဝင်ခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းများအား တာဝန်တစ်ရပ်အနေနှင့် မဖြစ်မနေ ပါဝင်ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အခွင့်အရေးများကို ပြည်သူများ ခံစားခွင့်ရရှိနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် ဥပဒေ အထောက်အကူပေးရေး အဖွဲ့များအနေဖြင့် ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်မှ အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး တိုင်းဒေသကြီး ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

03-Jul-2019