ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့တက်ရောက်

ကမ္ဘာပေါ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအား ကျင်းပခဲ့ရာ ယခုနှစ်ပါဆိုလျှင် (၃၂)ကြိမ်မြောက်ရှိပြီး ယခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းများဆိုင်ရာရုံးမှပေးပို့သော ဆောင်ပုဒ်မှာ Helath for Justice for Health. ကျန်းမာရေးနှင့်တရားရေး မူးယစ်ကင်းဖို့ လက်တွဲစို့ ဟူသည့်အတိုင်း မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာအား ကျန်းမာရေးရှုထောင့်မှ ရှုမြင်သုံးသပ်ပြီး ကုသရေးလုပ်ငန်းများအား ထိထိရောက်ရောက်ဆောင်ရွက်ရမှာဖြစ်သကဲ့သို့ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအပိုင်းများတွင်လည်း ယခုထက်ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏ (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၂၆.၆.၂၀၁၉)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မူးယစ်ဆေးဝါးပြသနာ၏ စိန်ခေါ်မှုများအား ကိုက်တွယ်ဖြေရှင်းရာတွင် အရှိန်အဟုန်ဖြင့် ဖမ်းဆီးအရေးယူခြင်း၊ ပြည်သူလူထုနှင့်ကျောင်းသားလူငယ်ထုအတွင်း အသိပညာပေး လှုံဆော်ခြင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေးပြခန်းများ ပြသစေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများအား နှစ်စဉ်ကျင်းပပြီး ဆုချီးမြှင့်ခြင်းဖင့် မူးယစ်ဆေးဝါး ဆန့်ကျင်သည့် အသိစိတ်ဓာတ်များ ရှင်သန်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိရာ ဒေသ၏ အရင်းအမြစ်များအား အခြေခံပြီး စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအား မဟာဗျူဟာစီမံကိန်းရေးဆွဲကာ တိုင်းဒေသကြီးအဆင့်မှ ခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့်အထိ နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူနာများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် မူးယစ်ဆေးစွဲလူနာများအား လက်ခံကုသပေးလျက်ရှိပြီး မူးယစ်ဆေးထိုးသွင်းခြင်းကြောင့် ကူးစက်တတ်သော HIV၊ အသည်းရောင်အသားဝါနှင့် TB ရောဂါများ ကူးစက်မှုလျှော့ချရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သော တိုင်ကြားစာများအား စနစ်တကျ လက်ခံသွားမည်ဖြစ်ပြီး သတင်းပေးသူအား အထူးလုံခြုံမှုရရှိစေလျက် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများကို အမြစ်ပြတ်ချေမှုန်းသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ချရေးတွင် ပြည်သူလူထုမှ အမြဲတမ်းပါဝင်ဆောင်ရွက်လာစေရေးသည် အဓိက ကျသောအချက်ဖြစ်ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်သွဦးကြရမည်ဖြစ်ကြောင်း၊ ပြည်သူအားလုံးအတူ ပူးပေါင်း နှိမ်နင်းကြရန် အထူးအလေးအနက်ထား တိုက်တွန်းလိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများအနီးအနားတွင် မူးယစ်ဆေးဝါးများ၊ ကွမ်းယာ/ဆေးလိပ်များ ရောင်းဝယ်ခြင်း၊ အရက်သေစာရောင်းချခြင်းများအား လက်လှမ်းမီရရှိနေခြင်းမျိုး မဖြစ်စေရန် ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့်အတူ NGO အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းအဖွဲ့များမှ ပူးပေါင်းတားမြစ်ပိတ်ပင်ခြင်းနှင့် စာသင်ကျောင်း/တက္ကသိုလ်ကျောင်းများအတွင်းသို့ မူးယစ်ဆေးဝါးရောင်းချဖွယ်ရှိသော ကျောင်းသားဟောင်းများ လာရောက်ခြင်းမရှိစေရန်၊ ပိတ်ပင်တားမြစ်ဆောင်ရွက် သွားရန်အထူးလိုအပ်ကြောင်း၊ ပြည်သူလူထုများကလည်း ဘုံပြဿနာ၊ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကိုယ်စီတာဝန်သိစွာဖြင့် မူးယစ်ဆေးဝါးအန္တရာယ်အား တွန်းလှန်တိုက်ဖျက်ကြပါစို့ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ဖတ်ကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဝတ္ထုတို၊ ဆောင်းပါး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ကြပါသည်။
03-Jul-2019