ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ စိုင်ခြံကျေးရွာတွင် ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့တက်ရောက်

သစ်ပင်သစ်တောမျာသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူသားများ အသက်ရှင်ရန်အတွက် လိုအပ်သော အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်လွှတ်ပေးလျက် ရှိပါသည်။ နိုင်ငံတော်၏ ရေ၊ မြေ၊ တော၊ တောင်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ ရာသီဥတုနှင့် ဂေဟစနစ် မျှတစေရန်အတွက် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နှစ်စဉ် မိုးရာသီတွင် တစ်နိုင်ငံလုံး လူထုလှုပ်ရှားမှုအနေဖငြ့် သစ်ပင်စိုက်ပျိုးခြင်း၊ နိုင်ငံပိုင်နှင့် ပုဂလိကပိုင် သစ်တောစိုက်ခင်းထူထောင်ခြင်းများ၊ ကျေးလက်အိမ်ရာစိုက်ခင်းထူထောင်ခြင်းနှင့် ဒေသခံပြည်သူအစုပိုင် သစ်တောတည်ထောင်ခြင်းတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယုခနှစ်တွင် ပျိုးပင်ပေါင်း (၇၈)သန်းခန့် ဖြန့်ဝေစိုက်ပျိုးသွားမှာဖြစ်ပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း Green Environment Campaign 2019 တွင် မြန်မာပြည်တစ်ဝန်း စိမ်းရောင်လွှမ်းဖို့ သစ်ပင်စိုက်ပျိုးကြပါစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လှုပ်ရှားမှုအဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဇွန်လ (၁၉)ရက်နေ့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်လည်း ယနေ့ (၁၉.၆.၂၀၁၉)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ စိုင်ခြံကျေးရွာတွင် ကျင်းပရာ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်၊ မိုးရာသီကာလအတွင်း လူထုအား ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် ခရိုင်/မြို့နယ်များရှိ ပျိုးဥယျာဉ်များတွင် သစ်မျိုးစုံ ပျိုးပင်ပေါင်း (၁.၄)သန်းကျော် ပျိုးထောင်ထားပြီး ကျေးလက်နေပြည်သူများ နေဖြင့် လိုအပ်သည့် သစ်၊ မျော၊ လယ်ယာလုပ်ငန်းသုံး ပစည်းများ ရရှိနိုင်ရေးအတွက် မိမိတို့ အိမ်ခြံဝန်း၊ ဥယျာဉ်ခြံများတွင် စိုက်ပျိုးရန် ခရိုင်/မြို့နယ်များရှိ သစ်တောပျိုးဥယျာဉ်များတွင် ပျိုးပင်များ အခမဲ့ လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အသီးသီးတွင် ယနေ့တစ်ပြိုင်တည်း ကျင်းပပြုလုပ်သည့် လူထုသစ်ပင်စိုက်ပျိုးပွဲများတွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုစိုင်ခြံကျေးရွာမှာ ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျိုးပင်ပေါင်း (၁၄၀၀)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သစ်တောသစ်ပင် ချစ်ခင်တန်ဖိုးထားတတ်သူ ပြည်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးထားသော သစ်ပင်များ ရှင်သန်အောင် ပြုစုထိန်းသိမ်းကြပါရန်နှင့် နောင်မျိုးဆက် သစ်များအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေး သစ်တောသစ်ပင်များကို အင်တိုက်အားတိုက် ဆက်လက်စိုက်ပျိုးပြုစုထိန်းသိမ်းပေးကြရန် နှိုးဆော်တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့မှ ပျိုးပင်များအား တက်ရောက်လာသူများထံ ပေးအပ်ပြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဧည့်သည်တော်များမှ သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပေးခဲ့ပါသည်။ Photo by : Wai Zin
25-Jun-2019