တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲသို့ တက်ရောက်

၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့၊ (၁၃၀၀)နာရီအချိန်တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုအခြေအနေများနှင့် နိုင်ငံတော်အနေဖြင့် ပြည်သူလူထုများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ပြည်တွင်း/ပြည်ပ ဝင်ငွေများရရှိအောင်ဆောင်ရွက်နေရသည့် အခြေအနေများအား ရှင်းလင်းဆွေး နွေးခဲ့ပြီး တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် အစိုးရဝင်ငွေရရှိမှုအခြေအနေများ၊ အခွန်ကောက်ခံမှုများနှင့်ပတ်သက်သည့် ဝင်ငွေများနှင့်ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျသည့်ဝင်ငွေများအပေါ် လိုငွေ
ပေါ်ပေါက်ပါက ဖြေရှင်းဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံပြည်(၃၃ဦး)တို့မှ တင်ပြဆွေးနွေးရာတွင် အများပိုင်မြေများပေါ်တွင် ကျုးကျော်နေအိမ်များ အခိုင်အမာဆောက်လုပ်နေမှု အခြေအနေများ၊ ပြန်လည်စွန့်လွှတ်သည့် မြေလွတ်/မြေလပ်/မြေရိုင်းများပေါ်တွင် ပြန်လည်လုပ်ကိုင်ခွင့်မရနိုင်သည့် မြေယာအငြင်းပွားမှုကိစ္စရပ်များ၊ မြေသိမ်းနစ်နာဆုံးရှုံးမှုအပေါ် ပြန်လည်ရယူလိုခြင်းကိစ္စ၊ မြေလွှတ်မြေရိုင်းများအား ကုမ္ပဏီများမှ အဓမ္မသိမ်းဆည်းခံရမှု အခြေအနေများ၊ မတ်ပဲဖိုးလိမ်လည်ခံရမှုအပေါ် ပြန်လည်ရယူလိုကြောင်းကိစ္စ၊ ဝါးတောကွင်းကျေးရွာရှိ တောင်ကျချောင်းကမ်းပြိုကမ်းစားမှုအား ကမ်းထိန်းလုပ်ငန်းဆောင်ရွက် ပေးစေလိုကြောင်းကိစ္စ၊ လေးမျက်နှာမြို့နယ်၏ အနောက်ဘက်ခြမ်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းတွင် မြင့်ကျယ်ဝန်း ကုမ္ပဏီမှ ဆောက်လုပ်ခဲ့သည့်ကျောင်း (၅) ကျောင်း
ဆောက်လုပ်မပြီးစီးသေးသည့်အပြင် ပျက်စီးယိုယွင်းနေပြီဖြစ်ပါ၍ ပြန်လည်စိစစ်ပေးပါရန်ကိစ္စ၊ ဓားမဦးချမြေလွှတ်မြေရိုင်းများအပေါ် ကျုးကျာ်လုပ်ကိုင်နေခြင်းအား ပြန်လည်ရယူလိုခြင်းကိစ္စ၊ အိုင်သပြုကျေးရွာဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ပြည့်ဝစွာ ဆောင်ရွက်မပေးသည့်ကိစ္စနှင့်ပတ်သက်၍ အရေးယူပေးပါရန် တင်ပြခြင်းကိစ္စ၊ လယ်ယာမြေအငြင်းပွားမှုကိစ္စ၊ ကျေးရွာမီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်မီးရရှိရေးဆိုင်ရာကိစ္စရပ်များ၊ မြို့ပန်းခြံဆောင်ရွက်ပေးစေလိုခြင်းကိစ္စ၊ ၂၀၁၉-၂၀၁၀ ပညာသင်နှစ်တွင် ကျောင်းသူ/သားများအား ဗလာစာအုပ်တစ်ဒါဇင်ခန့် ထောက်ပံ့ပေးစေလိုပါကြောင်းနှင့် စာသင်ကျောင်းများသို့ ထုတ်ပေးသည့်ခုံများမှာ ကြံ့ခိုင်မှုမရှိသည့်အတွက် အရည်အသွေးမြင့်တင်ပေးပါရန်ကိစ္စ၊ လေးမျက်နှာမြို့၊ သုဿာန်အတွင်း ပိုင်ရှင်မဲ့အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိမှုအပေါ် အရေးယူဆောင်ရွက်ခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးသည့်ကိစ္စ၊ ဧည့်စာရင်းတိုင်ကြားမှုနှင့်ပတ်သက်၍ ငွေကြေးကောက်ခံမှုကိစ္စ၊ လူသတ်မှုမပေါ်ပေါက်သေသည့်ကိစ္စ၊ မီးသတ်စခန်းချထားပေးပါရန်ကိစ္စ၊
ကြဲခင်းစပါးစိုက်ပျိုးရေးစနစ်များအား စနစ်တကျ လယ်ယာမြေစနစ်များဖြစ်အောင် ဆောင်ရွက်ပေးစေလိုခြင်းကိစ္စ၊ အိုင်သပြု မီးသတ်စခန်းအတွက် မြေနေရာ လှူဒါန်းပေးထားပြီး ဖြစ်သဖြင့် မီးသတ်စခန်းနှင့်ဝန်ထမ်းအိမ်ရာ အမြန်ဆုံးချထားပေးပါရန်ကိစ္စ၊ မြေငှါးဂရန်ခွင့်ပြုချထားပေးပါရန်ကိစ္စ၊ ငါးသယံဇာတထိန်းသိမ်းပေးပါရန်နှင့်ရေလုပ်သားအစုအဖွဲ့များရှိသည့် ဒေသမှအင်းများအား ရေလုပ်သားများကိုသာ ချထားပေးပါရန်ကိစ္စ၊ ငါးသယံဇာတထိန်းသိမ်းပေးရန်အတွက် ကျင်စက်ဖြင့်ငါးဖမ်းခြင်းလုပ်ငန်းအား ကျယ်ကျယ်ပြန်ပြန့် ထိန်းသိမ်းပေးပါရန်ကိစ္စ၊ ရေလုပ်သားငယ်များအား အင်းသားကြီးများက ထိန်းချုပ်ဆောင်ရွက်နေသည့်ကိစ္စရပ်များအပေါ် ဆင်းရဲမှုလျော့ချရေးအတွက် ရေလုပ်သားငယ်များအတွက် စဉ်းစားဆောင်ရွက်ပေးရန်ကိစ္စ၊ ချောင်းကူးတံတားတည်ဆောက်ပေးပါရန်ကိစ္စ၊ အိုင်သပြုရှိရိုးချောင်းအား ပြန်လည်တူးဖော်ပေးပါရန်ကိစ္စ၊ ကျေးရွာချင်းဆက်လမ်းခွင့်ပြုချထားပေးပါရန်ကိစ္စ၊ လျှပ်စစ်မီးရရှိပြီးဖြစ်သော်လည်း မီတာများချထားပေးပါရန်ကိစ္စများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကာ လတ်တလော ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်စိစစ်သုံးသပ်ရမည့်ကိစ္စရပ်များအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

Photo by : Wai Zin

22-May-2019