ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုပြီး ဒေသခံများနှင့်တွေ့ပွဲကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့၊ ၀၈၀၀ နာရီအချိန်တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သပြေကုန်းအုပ်စု၊ သပြေကုန်းကျေးရွာရှိ ကျွဲခေါင်းကြီးတာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြညည့်ရှစစ်ဆေးခဲ့ပြီး မြစ်ချောင်းဖြိုးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအပေါ် တင်ပြဆွေးနွေးမှုနှင့်ပတ်သက်၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၀၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သခွတ်ကွင်းကျေးရွာအုပ်စုရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ (၅၁.၉၂)ကျပ်သန်းဖြင့် ကေခိုင်ဦးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အင်ပင်-ကနောင်(မြေသား+ချောင်းကျောက်)လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဆိုပါလမ်းအားဖွင့်လှစ်ပေးအပ်ခဲ့ပါသည်။

ထို့နောက် (၁၀၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သခွတ်ကွင်းကျေးရွာအုပ်စုရှိ မီးလောင်ကွင်း(အထက)ကျောင်းတွင် ကျင်းပပြုလုပ်သော လူထုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ ဒေသခံပြည်သူများဖြင့်တွေ့ဆုံခဲ့ကာ တိုင်းဒေသကြီအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းရေးဆွဲရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့မှ အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဘဏ္ဍာငွေသုံးစွဲနိုင်မှုအခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးနှင့်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သော အထက(မီးလောင်ကွင်း)တွင် ကျောင်းဆရာ/ဆရာမများလိုအပ်ချက်၊ ကျောင်းသားဦးရေ များပြားမှုနှင့် ကျောင်းဆောင် လုံလောက်မှုမရှိခြင်းတို့အတွက် ကိုယ်ထူ/ထ စုပေါင်း၍ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအပေါ် ငွေကြေးလိုအပ်ချက်၊ ပိန်းအင်း တူးမြောင်းအား ပြန်လည်တူးဖော်ပေးစေလိုသည့်ကိစ္စ၊ ပိန်းအင်းအုပ်စု၊ စမ်းတောင်ခြေရွာတွင် သောက်သုံးရေလိုအပ်ချက်နှင့် အင်ပင်-ကနောင်လမ်းမကြီးတွင် ကျန်ရှိသေးသည့် မြေသားလမ်းအား အဆင့်မြှင့်တင်ပေးစေလိုသည့် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့မှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လတ်တလောအရေးပေါ် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ၁၄၃၀အချိန်တွင် ဟင်္သာတခရိုင်၊ ဟင်္သတမြို့နယ်၊ ဓမ္ဘီကျေးရွာအနီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ(pilot project) ကျပ် (၁၀၀၀.၇၅)သန်းဖြင့် ပဆင- တာဂွ-ဘုရားကုန်း-ဓမ္ဘီကတ္တရာခင်းခြင်းလုပ်ငန်း (၄/၃မိုင် ×၁၂ပေ ×၁၅လက်မ)ဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေး ခဲ့မှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

22-May-2019