ဧရာဝတီတိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု၊ ဒီးဒုတ်ကုန်းကျေးရွာ၊ ချောင်းကူးတံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ် မတ်လ ၁၇ရက်နေ့ ၀၉၃၀ အချိန်တွင် ဟင်္သာတခရိုင်၊
မြန်အောင်မြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု၊ ဒီးဒုတ်ကုန်းကျေးရွာ၊ ချောင်းကူးတံတားဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်မြို့မှ တံတားအလှူရှင် ဦးသာရှိန်+ဒေါ်သန်းသန်း သားသမီးမြေးတစ်စု (ရှိန်လက်မှုလက်မှု)မိသားစု၊ တိုင်း / ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တံတားအလှူရှင်များဖြစ်သော ဦးသာရှိန် ဇနီးဒေါ်သန်းသန်းတို့နှင့်အတူ ဒီးဒုတ်ကုန်းတံတားသစ်အား ဖွင့်လှစ်ပေးခဲ့ပြီး တံတားကမ္ဗည်းမော်ကွန်းအား လွှတ်တော်ဥက္ကဋ္ဌ၊ အလှူရှင်မိသားစုတို့နှင့်အတူ အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကာ တံတားအားအလှူရှင်မိသားစုနှင့် တက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှု့ခဲ့ပြီး တံတားမုခ်ဦးတွင် အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ရွှေမိုးငွေမိုးများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များအား လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ဒီးဒုတ်ကုန်းကျေးရွာတံတား အလှူပွဲမဏ္ဍပ်တွင် ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အရေးကြီးဆောင်ရွက်
ပေးရမည့် ကိစ္စရပ်များအား ဦးစားပေးဆောင်ရွက်ပေးလျှက်ရှိပြီး ဘတ်ဂျက်အခြေအနေပေါ်မူတည်ဆောင်ရွက်ပေးရခြင်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အလှူရှင်များ၏ လှူဒါန်းမှုကြောင့် ယခုလို တံတားသစ်ကြီးဖြစ်ပေါ်လာသည့်အတွက် ဝမ်းသာပိတိဖြစ်ရပါကြောင်း ပြောကြားခဲ့ကာ အလှူရှင် ဦးသာရှိန်မှ တံတားလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဇာတိမြေအတွက် ပြန်လည် အကျိုးပြုရသည့်အတွက် ဝမ်းသာပိတိဖြစ်မိပါကြောင်းနှင့် ဒေသခံပြည်သူများကိုယ်စား အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးမျိုးညွှန့်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် အလှူရှင်မိသားစုမှ တံတားတည်ဆောက်ခဲ့မှု စာရင်းဇယားများအား ဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်မှ အလှူရှင်မိသားစုသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါ ဒီးဒုတ်ကုန်း-ပန်းတိုးကျေးရွာ
ချောင်းကူးတံတားအား ဦးသာရှိန်ဇနီးဒေါ်သန်းသန်း သားသမီးမြေးတစ်စု (ရှိန်စက်မှုလက်မှု) မိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ်တံတားဖြစ်ကာ တံတားအတိုင်းအတာမှာ (၁၀၀ x ၁၅ x ၂၂)ပေအကျယ်ရှိပြီး ကုန်ကျငွေကျပ်သိန်း (၇၀၀)တိတိ အကုန်အကျခံ၍ စေတနာသဒ္ဒါထက်သန်စွာဖြင့် ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါသည်။

Photo By : Wai Zin

18-Mar-2019