ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့ဦးကွင်း၌ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားနေ့အခမ်းအနား သို့တက်ရောက်

ချင်းတိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ချင်းအမျိုးသားနေ့ကို လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ စတင်၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ရာ ယနေ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့ဦးကွင်း၌ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားနေ့သည် (၇၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါ (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ချင်းအမျိုးသားနေ့ကျင်းပရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ချင်းတိုင်းရင်းသား/တိုင်းရင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့သည်။

အခမ်းအနားအား သဘာပတိဖြစ်သူ ဆလိုင်းဒေးနီးမှ မင်္ဂလာမောင်း(၃)ကြိမ် တီး၍ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်စကားပြောကြားရာတွင် ချင်းအမျိုးသားရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း အောင်မြင်မှုများ ရရှိလာခြင်းသည် ချင်းတိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှုများကြောင့် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ချင်းတိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ချင်းတိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ရရှိထားသည့် ချင်းအမျိုးသားရေးဆိုင်ရာ အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်ပါစေကြောင်းဖြင့်ပြောကြားခဲ့သည်။ ထို့နောက်ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်ထံမှပေးပို့သည့် ချင်းအမျိုးသားနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ချင်းတိုင်းရင်းသား/တိုင်းရင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးတို့က ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

22-Feb-2019