ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ရာဝတီတိုင်းဒေသကြီး ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်း လုပ်ငန်းစီမံချက် (ဆဌမနှစ်)အသိပေးဆွေးနွေးပွဲ အခမ်း အနားသို့တက်ရောက်

၁၉၉၇ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကြိမ်(၅၀)မြောက်ညီလာခံမှ ဆုံးဖြတ်ချက် အရ “၂၀၂၀ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး” ရည်မှန်းချက်ကို မြန်မာနိုင်ငံအပါအဝင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိသောနိုင်ငံများက အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံ(၁၁)ခုအနက် မြန်မာနိုင်ငံအပါအဝင် (၉)နိုင်ငံသည် ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိပြီး၊ ပြည်သူလူထုအတွင်း ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်လျက်ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် (၁၆.၁.၂၀၁၉)ရက်နေ့ ၊ နံနက်(၀၉၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရေးသားလူမျိုးရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ တိုင်း / ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်း လုပ်ငန်းစီမံချက် (ဆဌမနှစ်)အသိပေးဆွေးနွေးပွဲ အခမ်း အနားသို့တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိသော ခရိုင်ပေါင်း (၄၅)ခရိုင်ရှိပါကြောင်း၊ လူအားလုံးဆေးတိုက်ကျွေးခြင်းကို တစ်နှစ်လျှင်တစ်ကြိမ်၊ (၅)နှစ်ဆက်တိုက် အနည်းဆုံးတိုက်ကျွေးရမည် ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့မှ (၃၁)ရက်နေ့အထိ စုစုပေါင်း(၁၀)ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၂)ခုရှိ မြို့နယ်(၂၀၀)၌ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆင်ခြေထောက်ရောဂါကင်းဝေးရန်အတွက် ဆေးသောက်ရမည့် ဦးတည်အုပ်စုတွင် ပါဝင်သူများအားလုံး ဆင်ခြေထောက်ရောဂါကင်းဝေးရေးစီမံချက်မှ တိုက်ကျွေး မည့်ဆေးများကို ယုံယုံကြည်ကြည်နှင့် အမှန်တကယ်သောက်သုံးနိုင်ရန်နှင့် ယခုနှစ်လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့ပါသည်။

Photo By : Wai Zin

18-Jan-2019