ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့၊ ကုက္ကိုလ်တောကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်

ယခုအခါ နိုင်ငံတော်အတွက် အရည်အချင်း မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ဒေသအလိုက် လိုအပ်သည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးမြှင့်တင်မှု အစီအစဉ်နှင့် အမျိုးသားပညာရေးမြင့်မားရေး လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ပညာသင်နှစ်အတွင်း ကျောင်းသူ/ကျောင်းသားများ၏ ထူးချွန်စွာဆောင်ရွက်ချက်များ၊ အောင်မြင်မှုရလာဒ်များနှင့် ပြောင်းလဲတိုးတက်လာမှုများကို အခြေခံပညာကျောင်းအလိုက် မိဘပြည်သူများအား ထုတ်ဖော်ပြသနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းများ၌ မိဘပြည်သူများ ပူးပေါင်းပါဝင်မှု ပိုမိုရရှိစေရန် ရည်မျှော်ပြီး ပညာရေးစုံညီပွဲတော်များကို နှစ်စဉ် ဇန်နဝါရီလတွင် အခြေခံပညာကျောင်းများ၌ ကျင်းပလျက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၁.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ကျုံပျော်မြို့၊ ကုက္ကိုလ်တောကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်ကာ အမှာစကား ပြောကြားရာတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် တည်ဆောက်ရာတွင် ထူးချွန်သော လူ့စွမ်းအားအရင်းအမြစ် အများကြီးလိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာအောင် တိုးတက်မြှင့်တင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိကျင့်သုံးနေသော အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော် ဆာင်ရွက်စေလိုကြောင်း၊ ပြင်ပမှ အဆင့်မြင့် ပညာရပ်များကို သင်ယူနိုင်ရေးအတွက် ပညာတော်သင်ဆုများ၊ ပြည်တွင်းပညာရည်ထူးချွန်သူများအတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများပေါင်းစုအားဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီနှင့် တိုင်းဒေသကြီး ပညာရေးမှူးတို့မှ အသီးသီး အမှာစကားပြောကြားခဲ့ပြီး တောက်တဲ့ရိုးကျောင်းအုပ်စုရှိ ဇုန် (၄)ဇုန် ကိုယ်စားပြု အားကစားများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုကာ ကျောင်းသား/ကျောင်းသူများမှ ကြွရောက်လာကြသော ဧည့်သည်တော်များအား ဂီတ ရသ အနုပညာ အကများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၅၃၀)နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူ ဦးဝင်းမြင့်စိုက်ပျိုးထားသော ထိုင်းစပ်မျိုးပြောင်း 139၊ (၂)ဧကအား ငမြှောင်တောင်ပိုး ကျရောက်မှုကို နှိမ်နင်းနေသော အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
18-Jan-2019