ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ ရုံးအဆောက်အဦသစ်ဖွင့်ပွဲသို့တက်ရောက်

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဥပဒေနှင့်အညီ အပြည့်အဝရရှိခံစားနိုင်စေရန်၊ သမိုင်းနှင့်ရှေးဟောင်း အမွေအနှစ်များကို စူးစမ်းရှာဖွေ ဖော်ထုတ်ရန်နှင့် ထိန်းသိမ်း စောင့်ရှောက်ရန်၊ တိုင်းရင်းသားလူမျိုး များ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် လုပ်ငန်းများ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသား လူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းရန်၊ လူနည်းစုဖြစ်သော၊ ကွယ်ပျောက်လု နီးပါးဖြစ်နေသော တိုင်းရင်းသား မျိုးနွယ်စုများ၏ စကား၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်း များကို ဖော်ထုတ်ရန်၊ ထိန်းသိမ်းရန်၊ စောင့်ရှောက်ရန်နှင့် ဖွံဖြိုးတိုးတက်စေရန်တို့အတွက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ ရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့၊ နံနက် ၀၉၃၀ နာရီအချိန်တွင် ပုသိမ်မြို့၊ (၁၃) ရပ်ကွက်ရှိ ရုံးအဆောက်အဦးသစ် ဖွင့်လှစ်မည့်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲ
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း ဒေသကြီးဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ရုံးဝန်ထမ်းများ၊ တိုင်းရင်းသားလုပ်ငန်း ရှင်များ၊ စာပေယဉ်ကျေးမှုကော်မတီဝင်များနှင့်အတူ တက်ရောက်ခဲ့သည်။

အခမ်းအနား၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ယခုအစိုးရလက်ထက်တွင် စတင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနသစ်ဖြစ်ပြီး ဦးစီးဌာန(၂)ခုဖြင့် ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တည်ဆောက်ဖွင့်လှစ်လျက်ရှိရာ ယခု ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှာ စတုတ္ထမြောက်ဆောက်လုပ် ပြီးစီးဖွင့်လှစ်နိုင်ခဲ့သည့် ရုံးတစ်ရုံး ဖြစ်ပါကြောင်း၊ ယခုလို ရုံးအသစ်ဖွင့်လှစ်ပြီး လုပ်ငန်းများဆောင်ရွက် နေပြီဖြစ်သည့်အတွက် မိမိတို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း ဆောင်ရွက်ရာတွင် အထောက်အကူရမည်ဖြစ်သလို တစ်ဖက်တွင်လည်း ဒေသနေတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှော်မြင်ကြံဆပြီး ဆောင်ရွက်သွားကြဖို့မှာကြားလိုပါကြောင်း
ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် ကရင်တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့နှင့် ရခိုင်တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များမှ တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ရုံးအဆောက်အဦသစ် ဖွင့်လှစ်ခဲ့သော တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဟူ၍ ဦးစီးဌာန(၂)ခုဖြင့် ဖွဲ့စည်းဖွင့်လှစ်ထားရှိပါသည်။

Photo By : Wai Zin

10-Jan-2019