ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် (ဧရာဝတီတိုင်းဒေသကြီး)၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်သည် (၂၈.၁၂.၂၀၁၈) နံနက် (၀၈၃၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ဆက်စပ်လုပ်ငန်းများမှ လုပ်ငန်းရှင်များ နှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် (ဧရာဝတီတိုင်းဒေသကြီး)၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် မွေးမြူရေးကဏ္ဍမှာ မရှိမဖြစ်လိုအပ်သော အစာကုန်ကြမ်း များ ဖူလုံစွာရရှိနိုင်တဲ့အခြေအနေကောင်းများရှိပါကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီအဖြစ်လည်း တည်ရှိနေတာဖြစ်တဲ့အတွက် စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းပေါများစွာထွက်ရှိပြီး မွေးမြူရေးကဏ္ဍမှာ အပြည့်အဝ အသုံးပြုနိုင်တဲ့ အခြေခံကောင်းများစွာ တည်ရှိနေပါကြောင်း၊ မွေးမြူရေးနှင့်စိုက်ပျိုးရေး ကဏ္ဍနှစ်ရပ်လုံးဟန်ချက် ညီညီဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မွေးမြူရေး လုပ်ငန်းအဖွဲ့(ဧရာဝတီတိုင်းဒေသကြီး)အနေဖြင့် ဒေသတွင်းထုတ်လုပ်မှုကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်မှုစရိတ်လျော့ချရေး၊ လုပ်ငန်းတိုးချဲ့ရေးအတွက် အခြေခံလိုအပ်ချက်ရရှိရေး၊ နည်းပညာရရှိရေးတို့နှင့်ပတ်သက်ပြီး နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း မွေးမြူသူများလိုအပ်လျက်ရှိတဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ပြခန်း များအား လှည့်လည်ကြည့်ရှုခဲ့ပြီး ကဏ္ဍအလိုက်တာဝန်ရှိသူများမှ အသီးသီးဆွေးနွေးခဲ့ကြ၍ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

Photo By : Wai Zin

03-Jan-2019