ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန (ကော်ဖီရာသီ သီးနှံဌာနခွဲ) ပြန်လည်စွန့်လွှတ်မြေများအား တောင်သူများထံသို့ လယ်ယာမြေရရေး လုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃) ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် တောင်သူများ နစ်နာဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးကို အစိုးရသစ်လက်ထပ်တွင် တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းကူညီဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၁၂.၂၀၁၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များ၊ တာဝန်ရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်မာျးနှင့်အတူ ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန (ကော်ဖီရာသီ သီးနှံဌာနခွဲ) ပြန်လည်စွန့်လွှတ်မြေများအား တောင်သူများထံသို့ လယ်ယာမြေရရေး လုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃) ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် အကြောင်းအမျိုးမျိုးကြောင့် မြေယာသိမ်းဆည်းခံရမှုများတွင် ပြည်သူများ မနစ်နာစေရေးအတွက် မြေယာသိမ်းဆည်းမှု ပြဿနာများကို လျှင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ဒုတိယသမတ (၂) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီကို တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယခုအခမ်းအနားမှာ ပြန်လည်ပေးအပ်မည့်မြေများဖြစ်သော ဖျာပုံမြို့နယ်အတွင်းရှိ ကြက်ဖမွှေးဇောင်းစိုက်ကွင်းနှင့် ကျုံကဒွန်းစိုက်ကွင်းတို့မှာ ပြန်လည်စွန့်လွှတ်မြေဧရိယာ (၁၂၆၄)ဧကကို တောင်သူ (၄၂၂)ဦးအား ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားကဲ့သို့ပင် ဒီကနေ့ နေ့လည်ပိုင်းမှာ ညောင်တုန်းမြို့နယ်၊ အမှတ် (၉၀၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ စွန့်လွှတ်သည့် မြေဧရိယာ (၇၃)ဧကကို တောင်သူ (၆၂)ဦးအား ပေးအပ်သွားမှာ ဖြစ်သကဲ့သို့ ကျောင်းကုန်းမြို့နယ်၊ ဒါးကလျှပ်စစ်မြစ်ရေတင်စီမံကိန်း (ကညင်ကောက်)မှ စွန့်လွှတ်သည့် ဧရိယာ (၈၄)ဧကကို တောင်သူ (၄၅)ဦးအား ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ဖျာပုံမြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များတွင် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ အပ်နှံပြီး တောင်သူများထံ လွှဲပြောင်းပေးအပ်သည့် စုစုပေါင်း ဧရိယာမှာ (၁၄၂၁)ဧကဖြစ်ပြီး တောင်သူပေါင်း (၅၂၉)ဦးဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စွန့်လွှတ်မြေများအား လက်ခံရရှိပြီး ဒေသနှင့် နိုင်ငံတော်အတွက် အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေမှ အမှာစကား ပြောကြားကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တောင်သူများထံမှ ယာယီလုပ်ပိုင်ခွင့်လက်မှတ်များအား အသီးသီးပေးအပ်ကာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မြမ္မာပြသာကျေးရွာအုပ်စု၊ အမှတ် (၉၀၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ပြန်လည်စွန့်လွှတ်မြေများကို တောင်သူများထံသို့ လယ်ယာမြေ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ (၃)ပေးအပ်ခြင်း အခမ်းအနားနှင့် ကျောင်းကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဒါးကလျှပ်စစ်မြစ်ရေတင်စီမံကိန်း (ကညင်ကောက်)စွန့်လွှတ်မြေများအား မူလတောင်သူများသို့ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက်ကာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်လက်မှတ်များအား အသီးသီးပေးအပ်ခဲ့ပါသည်။

Photo By : Wai Zin

03-Jan-2019