ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအထိ (၂)လတာကာလ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၄.၁၂.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စက်ရုံမှူးများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအထိ (၂)လတာကာလ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးမှာ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ အားလုံးဖိတ်ကြားထားပြီး ဌာန (၃၀)ဌာနနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ၏ ဆောင်ရွက်ရန် မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများ၊ ခွဲဝေချထားပေးသော စီမံကိန်းလုပ်ငန်းများအပေါ် ဆောင်ရွက်မည့် အစီအမံများကို အဓိကထား ဆွေးနွေးဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် အစီအမံများကို အခက်အခဲရှိသော ဆုံးဖြတ်ချက်များ၊ ညွှန်ၤကြားချက်ရယူလိုသော အကြောင်းအရာများကိုသာ ဦးစားပေး တင်ပြရန် လိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးဟာ သိမ်းဆည်းမြေယာကိစ္စရပ်များ၊ မြေယာမှုခင်းများ၊ မြေယာနဲံပတ်သက်တဲ့ တိုင်ကြားစာများ များပြားသော တိုင်းဒေသကြီးဖြစ်သည့်အတွက် လယ်ယာမြေနှင့် အခြားမြေကိစရပ်များတွင် တာဝန်ရှိသူများမှ ဘက်လိုက်မှုမရှိစေဘဲ တရားဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများကို အထူးမှာကြားလိုတာကတော့ တင်ဒါကိစ္စများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ စာချုပ်ချုပ်ဆိုရာတွင် ခိုင်မာမှုမရှိခြင်း၊ စာချုပ်ပါ စည်းကမ်းပျက်ကွက်သော ကုမ္ပဏီများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုအားနည်းလို့ တိုင်ကြားလာပါက ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ၊ တိုင်းဒေသကြီးအတွက်၊ နိုင်ငံတော်အတွက် ဌာနအသီးသီးမှ မှန်ကန်သော လုပ်ဆောင်ချက်များဖြင့် မိမိဌာနသမိုင်းကို ကမ္ပည်းထိုး ဆောင်ရွက်ခွင့်ရှိချိန်တွင် ရိုးသားကြိုးစား သတ္တိရှိစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးဌာနအလိုက် တိုင်းအဆင့်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှ သုံးသပ်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ စုစုပေါင်း (၁၅၇)ဦး တက်ရောက်ခဲ့ပါသည်။

03-Jan-2019