အိမ်မဲမြို့နယ်အတွင်းရှိ ထင်ရှားသော သမိုင်းဝင်နေရာများ

နောင်ရိုးတိုက်ပွဲသည် မြန်မာသက္ကရာဇ်၈၉၉ခုနှစ်ခန့်တွင် ကေတုမတီတောင်ငူနှင့် ဟံသာဝတီ ဥဿာပဲခူးတို့ဖြစ်ပွားခဲ့သောစစ်အတွင်း ထင်းရှားခဲ့သည့် မြန်မာ့သမိုင်းဝင် တိုက်ပွဲတစ်ခုဖြစ်ပါသည်။ ထိုတိုက်ပွဲတွင် မင်းတရားရွှေထီး(တပင်ရွှေထီး)၏ ယောက်ဖတော် ရှင်ရဲထွဋ်(ဘုရင့်နောင်ကျော်ထင်နော်ရထာ)၏ ရဲစွမ်းသတ္တိနှင့် လုပ်ရည်ကြံရည်တို့ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါသည်။ မြန်မာသက္ကရာဇ်၈၉၆မှစတင်၍ မင်းတရားရွှေထီး (တပင်ရွှေထီး)သည် တောင်ငူမှ ဟံသာဝတီပဲခူးသို့ စစ်(၄)ကြိမ်ချီတက်လုပ်ကြံခဲ့ရာ ပထမ (၃)ကြိမ်မှာ အောင်မြင့်မှုမရှိဘဲ မြန်မာသက္ကရာဇ်၈၉၉ခုနှစ်တွင် ချီတက်လုပ်ကြံသည့် စတုတ္ထ အကြိမ်မှသာ အောင်မြင်မှုရရှိခဲ့ပြီး ဟံသာဝတီပျက်ကာ ဟံသာဝတီပြည့်ရှင် သုရှင်တကာ ရွတ်ပိမှအညံ့မခံဘဲ ပြည်ဘုရင် နရပတိနှင့်ပူးပေါင်းရန် ၎င်းတပ်များဆုတ်ခွာခဲ့ပါသည်။ ဟံသာဝတီတပ်များဆုတ်ခွာချိန်တွင် မင်းတရားရွှေထီးမှ ရေကြောင်း၊ ဘုရင့်နောင် ကျော်ထင်နော်ရထာမှ ကြည်းကြောင်းဖြင့် ထပ်ကြပ်မကွာ ချီတက်လိုက်ပါခဲ့ပါသည်။ ဟံသာဝတီတပ်များ ဆုတ်ခွာခဲ့ရာမှ ပန်းမတီးဝ(ပန်းမဝတီ) ယခုပမ္မဝတီမြစ်ဝမှတစ်ဆင့် နောင်ရိုးအရပ် ယခုအိမ်မဲမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုဝန်းကျင်ခန့်တွင် ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ ကြည်းကြောင်းဖြင့်ချီတက်လာသော တောင်ငူတပ်များမှမှီလာခဲ့ပြီး မိမိ၏တပ်သားအချို့အား ဟံသာဝတီတပ်၏ စစ်ရေးအခြေ အနေများအားလေ့လာရန် အထောက်တော်လွှတ်ခဲ့ပြီး နောင်ရိုးအရပ်တစ်ဖက်ကမ်းခန့်တွင် တပ်စခန်းချ၍ ရပ်နားခဲ့ ပါသည်။ ဟံသာဝတီတပ်များမှာ ကြည်းကြောင်းဖြင့်ချီတက်လာသော မိမိ၏တောင်ငူတပ် ထက် အင်အား(၄)ဆခန့် များပြားကြောင်း အထောက်တော်များမှတဆင့် သိရှိခဲ့၍ မိမိ၏ တောင်ငူတပ်များအား ဟံသာဝတီတပ်များအား ရင်ဆိုင်ရန်တပ်ပြင်ဆင်ချိန်၌ ရေကြောင်းဖြင့် ချီတက်လာသော မင်းတရားရွှေထီး၏ အထောက်တော်များမှ ရောက်ရှိလာပြီး မင်းတရား ရွှေထီးမှ "သူတို့ကိုတွေ့လျှင် မတိုက်နဲ့ဦး ငါရောက်မှတိုက်တော်မူမည်"ဟု အမှာတော်ပါး လိုက်ရာ ဘုရင့်နောင်ကျော်ထင်နော်ရထာမှ မင်းတရား၏အထောက်တော်များအား "ဘုန်းတော်ကြောင့် အောင်မြင်လေပြီ"ဟု ပြန်လည်လျှောက် ထားရန် မိန့်မှာခဲ့ပါသည်။ ဟံသာဝတီတပ်များနှင့် စစ်ရင်ဆိုင်ရန် ဘုရင့်နောင်ကျော်ထင်နော်ရထာဦးစီးသော တောင်ငူ တပ်များမှာတစ်ဖက်ကမ်းမှ သစ်ဖောင်၊ ဝါးဖောင်များဆောက်လုပ်၍ ချောင်းအား ဖြတ်ကျော်ပြီး နောင်ရိုးအရပ်သို့ရောက်ရှိသောအခါ ဘုရင့်နောင်ကျော်ထင်နော်ရထာမှ မိမိ၏တောင်ငူတပ်များအား ဒီစစ်ကိုအသက်ရှင်ဖို့ အနိုင်တိုက်ရန်လိုအပ်ကြောင်း၊ မနိုင်လို့ ရှုံးရင်လည်း သေတဲ့သူကို မည်သူမျှ အပြစ်မပေးနိုင်တော့ကြောင်း၊ "စစ်တို့သဘောသည် အင်အားနည်းသည်များသည်ဟူ၍မဆိုရ လုပ်ရည်ကြံရည် အရဲအစွမ်းသာ အရင်းဖြစ် သည်"ဟုမှာကြားပြီး

 

ယခုတစ်ဖက်ကမ်းသို့ရောက်ရှိပြီဖြစ်၍ သစ်ဖောင်ဝါးဖောင်များအား ဖျက်ဆီးစေပြီး နောင်ရိုးအရပ်(ယခုအိမ်မဲမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးလေး ကျေးရွာဝန်းကျင်၌) ဟံသာဝတီတပ်များအား စစ်ကြောင်းသုံးကြောင်းခွဲ၍ အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဟံသာဝတီတပ်များပျက်ကာ သမိုင်းဝင်နောင်ရိုးတိုက်ပွဲ၌ ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ ကေတုမတီတောင်ငူတပ်များ အနိုင်ရရှိခဲ့ပါသည်။ နောင်ရိုးတိုက်ပွဲသည် ခရစ်သက္ကရာဇ် ၁၅၄၇ခုနှစ်၊ တောင်ငူကေတုမတီဘုရင် တပင်ရွှေထီးမှ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိအား တိုက်ခဲ့သောစစ်ပွဲကြီးတစ်ပွဲဖြစ်၍ နောင်ရိုးတိုက်ပွဲတွင် အင်အားမမျှသော်လည်း ရဲစွမ်းသတ္တိကိုအရင်းတည်၍ မြစ်ကိုဖြတ်ကူး ခဲ့ကာ ဖောင်များကိုမီးရှို့ဖျက်စီးပြီး နောက်ပြန်မလှည့်စတမ်း တိုက်ပွဲဆင်ရန် ဖောင်ဖျက် ခဲ့သည့်အတွက် ဘုရင့်နောင်ဖောင်ဖျက်ဟူသော စကားမှာကျော်ကြားခဲ့သလို ဘုရင့်နောင်၏ တိုက်ပွဲဗျူဟာမှာလည်း ကမ္ဘာကျော်ခဲ့ပါသည်။ ထိုအဖြစ်အပျက်မှာ သမိုင်းမှတ်တမ်းတွင် ရာဇဝင်စံတင်လောက်သည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့ရာ သမိုင်းသုတေသီ ဒေါက်တာသန်းထွန်း၊ ဒေါက်တာသန်းလှနှင့် အခြားသမိုင်း သုတေသီပညာရှင်များမှ နောင်ရိုးတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအား နှစ်ရှည်လများ သမိုင်း မှတ်တမ်းရာဇဝင်များဖြင့် တိုက်ဆိုင်စိစစ်လေ့လာခဲ့ကြပါသည်။ ထိုသို့လေ့လာသုံးသပ်မှု တွေ့ရှိမှု၏ ရလာဒ်အဖြေအားအတည်ပြုနိုင်ရန် အိမ်မဲ မြို့နယ်နှင့်ထိစပ်နေသော မြို့နယ်များ၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၊ မြစ်ချောင်းများအား နယ်မြေကွင်းဆင်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့လေ့လာသုံးသပ်မှု၊ ကွင်းဆင်းလေ့လာမှုများအရ နောင်ရိုးတိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာအား နေရာအတိအကျ ဖော်ပြနိုင်ခြင်းမရှိသော်လည်း ပထဝီဝင် အနေအထားအရ အိမ်မဲမြို့နယ်ထဲတွင်ရှိမည်ဟု ခန့်မှန်းရပြီး အနီးစပ်ဆုံးနေရာအဖြစ် အိမ်မဲမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးလေးကျေးရွာဝန်းကျင်ခန့်တွင် ဖြစ်ပွား ခဲ့သည်ဟု သုံးသပ်မှတ်တမ်း တင်ခဲ့ပါသည်။ ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ရဲစွမ်းသတ္တိ၊ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ခေါင်းဆောင်ရည် ပြည့်ဝမှုများ၏ပြယုဂ် သမိုင်းဝင်နောင်ရိုးတိုက်ပွဲအထိမ်းအမှတ်အဖြစ် အိမ်မဲမြို့နယ်အသင်းမှ အိမ်မဲမြို့ အဝင်ပန်းခြံတွင် ဘုရင့်နောင်ကျော်ထင်နော်ရထာရုပ်ထု အား (၂၉-၁၂-၂၀၁၂)ရက်နေ့၌လည်းကောင်း၊  ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးလေး ကျေးရွာတွင် ကမ္ပည်းကျောက်စာအား (၁၇-၄-၂၀၁၃)ရက်နေ့၌ စိုက်ထူဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိနောင်လာနောင်သားများ၏ အမျိုးဂုဏ်၊ ဇာတိမာန်နှင့် ရဲစွမ်းသတ္တိများ ထက်သန်စေရန် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။

11-Dec-2018