ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၉.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေ ဟိုတယ်ဇုန်တွင် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာစေရေး၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးတက်ရရှိစေရေး၊ သန့်ရှင်းသာယာလှပသည့် ချောင်းသာကမ်းခြေဟိုတယ်ဇုန်အား ပြည်ပခရီးသွားများ ပိုမိုသိရှိစေရေးကို ရည်ရွယ်ကျင်းပသည့် ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ ရေခံမြေခံကောင်းများနဲ့ ပြည့်စုံပြီး ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် အလားအလာကောင်းတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာ လက်ရှိဖွံ့ဖြိုးဆဲ ခရီးစဉ်ဒေသများဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်လို ကမ်းခြေအပန်းဖြေဒေသများအပြင် ခရီးစဉ်ဒေသအဖြစ် ဖွံ့ဖြိုးရန် အလားအလာကောင်းများနဲ့ ပြည့်စုံတဲ့ ရွှေသောင်ယံကမ်းခြေ၊ ဂေါ်ရင်ဂျီကျွန်းစတဲ့ ဒေသများကိုလည်း ပိုင်ဆိုင်ထားပါကြောင်း၊ ဒေသအတွက် လိုအပ်နေတဲ့ လျှပ်စစ်မီးရရှိရေးကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း၊ ယခုလို မိမိတို့ဒေသကို ပြည်တွင်းပြည်ပဧည့်သည်များ ပိုမိုသိရှိပြီ: လာရောက်လည်ပတ်နိုင်စေရေးနှင့် စျေးကွက်မြှင့်တင်မှုလုပ်ငန်းများကို ဆက်လက်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးကြရန်နှင့် ခရီးသွားလုပ်ငန်း တိုးတက်ရေးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကမ်းခြေဒေသရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် ချောင်းသာဒေသရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များ ပေါင်းစပ်ပြီး သန့်ရှင်သာယာလှပသော ချောင်းသာကမ်းခြေကို ထိန်းသိမ်းမြှင့်တင်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ မြန်မာဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန် ဥက္ကဋ္ဌ ဦးကျော်ခိုင်မှ ချောင်းသာကမ်းခြေ ခရီးသွားမြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းတင်ပြခြင်း၊ ပွဲတော်အား တိုင်းဒေသကြီးစည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးဟိုတယ်/ခရီးဦးစီးဌာန တိုင်းဦးစီးမှူး၊ မြန်မာဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန် ဥက္ကဋ္ဌ၊ မြန်မာဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန် အတွင်းရေးမှူးတို့မှ ဖွင့်လှစ်ပေးခဲ့ပါသည်။

11-Dec-2018