ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁.၁၀.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာအစကား ပြောကြားရာ၌ ရဲတပ်ဖွဲ့သည် ပြည်သူ့အကျိုးစီးပွားကို ဥပဒေနှင့်အညီ ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သောကြောင့် တိုင်းရင်းသားတပ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေသစ်များ၊ ပြင်ဆင်ထားသည့် ဥပဒေများနှင့် ထပ်တိုးဥပဒေများကို လေ့လာမှတ်သားပြီး ပြည်သူများ၏ နစ်နာမှုများကို ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဘက်မလိုက်ဘဲ အဂတိတရား ကင်းစွား ဆောင်ရွက်ပေးစေလိုကြောင်း၊ ခေတ်၊ စနစ်များ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ခေတ်မှီပြီး စွမ်းရည်ပြည့်ဝထက်မြတ်သော ရဲတပ်ဖွဲ့ဝင်များဖြစ်လာအောင် ကြိုးပမ်းကြစေလိုကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန်တစ်ခုဖြစ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထုက ချစ်ခင်လေးစားမှု ရရှိနိုင်သောကြောင့် မိမိနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်တိုအတွင်း စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် (၁၀)သိန်းပေးအပ်ခဲ့ပြီး ရဲလုပ်ငန်းတာဝန်များအား ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့မိသားစုများမှ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပါသည်။

 

01-Oct-2018