ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ နနွင်းဂရက်ကျေးရွာအုပ်စုရှိ မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့် အငြင်းပွားမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၈.၉.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သတင်းမီဒီယာ (၁၅)ခုမှ တာဝန်ရှိသူများနှင့်အတူ  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ နနွင်းဂရက်ကျေးရွာအုပ်စုရှိ မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့် အငြင်းပွားမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ  ရှင်းလင်းဆွေးနွေးရာတွင် မိမိအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကြီးအကဲတစ်ဦးဖြစ်သည့်အတွက် တိုင်းဒေသကြီးတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကိစ္စများကို စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြေနှင့်ပတ်သက်၍ တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီး မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့နှင့် တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတို့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရပြီး ရပ်/ကျေးအဖွဲ့၊ မြို့နယ်နှင့် ခရိုင်အဖွဲ့များကိုလည်း ကြီးကြပ်ဆောင်ရွက်ရကြောင်း၊ မြေသိမ်းဆည်းခံရကြောင်း တိုင်ကြားစာနှင့်ပတ်သက်ပြီး ခရိုင်/မြို့နယ်နှင့် ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကော်မတီအဆင့်ဆင့်၏ တင်ပြချက်များအပေါ် ဗဟိုကော်မတီမှ ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ အဆုံးအဖြတ်ပေးခြင်းနှင့် ဗဟိုကော်မတီသို့ တင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆုံးဖြတ်ချက်များအပေါ် ကျေနပ်မှုမရှိပါက အထက်ဆင့်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားမှုများရှိရာ ယနေ့ပြုလုပ်သည့် နနွင်းဂရက် မြေယာကိစ္စည်း အပါအဝင်ဖြစ်ကြောင်း၊ အဆိုပါ မြေကိစ္စနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နေစဉ် မြေပြင်ရှိ သစ်ပင်၊ ဝါးပင်များ အပြိုင်ခုတ်လှဲကြရာမှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာပြီး ထိန်းသိမ်းခြင်းမရှိပါက ရာဇဝတ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသန္တရအမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် သတင်းမီဒီယာများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ Photo By : Wai Zin
18-Sep-2018