ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၃.၉.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို (၁၃.၉.၂၀၀၅)ရက်နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် နိုင်ငံတစ်ဝန်းလုံးကျင်းပပြုလုပ်ခဲ့ရာ ယခု ၂၀၁၈ ခုနှစ် ဆဋ္ဌမအကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး၏ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်အရ လူကုန်ကူးမှုပုံစံများကို စိစစ်ကြည့်ရာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု (၅၄)ရာခိုင်နှုန်း၊ အဓမ္မခိုင်းစေမှု (၃၈)ရာခိုင်နှုန်း၊ အခြားပုံစံ (၈)ရာခိုင်နှုန်း ပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပြီး လူကုန်ကူးခံရသူများကို ခွဲခြားစိစစ်ရာတွင် အရွယ်ရောက်ပြီး အမျိုးသမီး (၅၁)ရာခိုင်နှုန်း၊ ကလေးသူငယ်အမျိုးသမီး (၂၀)ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီး အမျိုးသား (၂၁)ရာခိုင်နှုန်း၊ ကလေးသူငယ်အမျိုးသား (၈)ရာခိုင်နှုန်း ပါဝင်နေသည်ဟု ဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာကို လေ့လာရာတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ စျေးကွက်လိုအပ်ချက်နှင့် ချိတ်ဆက်ဖြစ်ပွားလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး၍ နှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများအား ပူးပေါင်းဖော်ထုတ် အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ လူကုန်ကူးမှု (၉)မှုကို အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ လူကုန်ကူးခံရသူများ၏ ဘဝပြန်လည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီလျက်ရှိရာမှာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လူကုန်ကူးခံရသူ ကျား (၂၀)ဦး၊ မ (၂၃)ဦး၊ ပေါင်း (၄၃)ဦးအတွက် ငွေ (၂၃၉)သိန်းကျပ် ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှုများ၊ နစ်နာမှုများကို တာဝန်ရှိ ဌာနဆိုင်ရာများနှင့် အစိုးရအဖွဲ့မှ ဖြစ်စဉ်များ လျော့နည်းကျဆင်းပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံးပါ၀င်သည့် စုပေါင်းအင်အားနှင့် လူကုန်ကူးမှုများကို တိုက်ဖျက်နိုင်မည်ဖြစ်သည့်အတွက် လူကုန်ကူးမှု ပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေး ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသူ နိုင်ငံသားအားလုံးမှ ပူးပေါင်းပါဝင်လက်တွဲ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့လာသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ မိန့်ခွန်းအား တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ဖတ်ကြားခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားတွင် ပြသထားသည့် ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

14-Sep-2018