ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊ မဟာဓမ္မိကာရာမ ဘုန်းတော်ကြီးကျောင်းရှိ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည့် ဘိုးဘွားရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၉.၂၀၁၈)ရက်နေ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မဟာဓမ္မိကာရာမ ဘုန်းတော်ကြီးကျောင်းရှိ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည့် ဘိုးဘွားရိပ်သာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်၍ (၂၃၅၆.၂)သိန်း ထည့်ဝင်လှူဒါန်းကြတဲ့ အလှူရှင်များအားလုံးကို ကျေးဇူးတင်မိပါကြောင်း၊ ရိပ်သာကြီး ပြီးမြောက်ပါကလဲ ထိန်းသိမ်းမှုများကို ဂေါပကအဖွဲ့များသာမကဘဲ မြို့သူမြို့သားများကပါ ပူးပေါင်းပါဝင်စေလိုကြောင်း၊ အခုလို နူးညံ့တဲ့စိတ်ထားနှလုံးသားများဖြင့် မြို့ဖွံ့ဖြိုးတိုးတက်အောင် ပါဝင်ကူညီဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့ရှိ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်ခဲ့သော မြန်အောင်ဘုံသာဘွဲ့မည်ရ ရွှေဘုံသာစေတီတော်ကြီးနှင့် ဖောင်တော်ဦးရန်အောင်မြင်နှစ်ထပ်ရုပ်ပွားတော်တို့အား သွားရောက်ဖူးမြှော်ခဲ့ပြီးနောက် မြန်အောင်ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ အသစ်ထပ်မံတည်ဆောက်နေသော (၃)ထပ် အဆောက်အဦအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

14-Sep-2018