ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ အထက (၁)၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသောသူ၊ ကျောင်းနေခဲ့ရသော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်ခဲ့ရသူ၊ အသက် (၁၀)နှစ်မှ အသက် (၁၄)နှဏ် သက်ငယ်အုပ်စုဝင်ကလေးများကို ပညာရေးအခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးတဲ့ အစီအစဉ်ဖြစ်ကြောင်းသိရသဖြင့် မိမိအနေဖြင့် ဝမ်းမြောက်ပါကြောင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကို ၂၀၀၈ - ၂၀၀၉ ခု ပညာသင်နှစ်မှစပြီး ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြာင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်တွင် ပုသိမ်မြို့နယ် (၁)မြို့နယ်မှ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကာ ၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်တွင် နောက်ထပ် (၃)မြို့နယ် ထပ်တိုးဆောင်ရွက်ခဲ့ရာမှ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် (၁၇)မြို့နယ်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (MLRC)နဲ့ ယူနစ်စကို ပူးပေါင်းပြီး (NFPE)အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ကလေးတိုင်းတွင် ပညာသင်ယူခွင့်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို သူ့ထိုက်နဲ့သူကံ သဘောမျိုး လစ်လှူရှုမထားသင့်ကြောင်း၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီကယ်တင်ပြီး ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း တစ်နေ့လူကြီးဖြစ်လာမယ့် ဒီကလေးတွေဟာ စာတတ်ပေတတ် ပညာတတ်ကလေးတွေ ဖြစ်လာမယ်ဆိုရင် တစ်ဦးချင်းအတွက်သာမက တိုင်းပြည်အတွက်လဲ အကျိုးရှိမှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် ယခင်နှစ်များက အောင်မြင်မှုတွေ ရခဲ့သလို ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင်လည်း ဒီထက်ပိုမိုအောင်မြင်မှုများ ရရှိစေရန် ဆရာ/ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့နယ်/ခရိုင်/တိုင်းအဆင့်ဆင့်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး ဝိုင်းဝန်းကြိုးစားကြပါလို့ တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဦးတင်ညိုက အမှာစကား ပြောကြားခြင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းက ဆွေးနွေးတင်ပြခြင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ကျောင်းပြင်ပ မူလတန်းပညာရေးကိစ္စ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ထူးချွန်သော ကျောင်းသား/ကျောင်းသူများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ မြို့နယ် (၁၇)မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများအား မြို့နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ပါသည်။

07-Sep-2018